09/08/2026
ဆရာလူမျိုး
~~~~~~~~
တရုတ်ပြည် ချင်မင်းဆက် (မန်ချူး) အပျက်ကာလမှာ တရုတ်ပြည်ဟာ ဒုက္ခအရောက်ဆုံးပဲတဲ့ ...
တရုတ်ပြည်ထဲကတရုတ်လူမျိုးတွေ ကမ္ဘာအရပ်ရပ်ကို နည်းမျိုးစုံနဲ့ ထွက်ပြေးကြရတယ် ...
မပြေးရင်လည်း အစာရေစာငတ်သေမှာမို့ပါ ...
ဒီလိုပျက်တာ နှစ်ကြိမ်ရှိတယ်ပြောကြတယ် ...
နောက်ဆုံးတကြိမ်က တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကာလ ...
မော်စီတုန်းရဲ့ဇနီးပါဝင်တဲ့ လေးဦးဂိုဏ်းလက်ချက်လို့ဆိုကြတယ် ...
တရုတ်လူမျိုးတွေ အများကြီးဒုက္ခရောက်ကြရတယ် ...
တခါထွက်ပြေးကြရပြန်တာပဲ ...
ဒီလိုနည်းနဲ့ တရုတ်လူမျိုးတွေ ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့သွားကြတယ် ...
အဲ့ဒီလို တရုတ်ပြည်ကိုစွန့်ခွါကြရာမှာ ပညာတတ်ပြီး ပစ္စည်းဥစ္စာပြည့်စုံသူတွေပါသလို ဆက်နေရင်ငတ်သေမှာမို့ လက်လွတ်ခွက်ကျွတ်ပြေးရတဲ့သူတွေလည်းပါတယ် ...
တရုတ်တွေဟာ ရောက်ရာအရပ်မှာ ရရာအလုပ်ကို လုပ်ကြရတယ် ...
ပင်ပန်းဆင်းရဲကြတယ် ...
ကိုယ်တွေနဲ့အနီးစပ်ဆုံး နောင်တချိန်သူဌေးကြီးဖြစ်လာတဲ့ တရုတ်အဖိုးဆိုရင် တရုတ်ပြည်ကနေ ခြေကျင်လျှောက်လာခဲ့ရတယ်လို့ဆိုတယ် ...
လမ်းမှာ နွားလှည်းကြုံ မြင်းလှည်းကြုံ ကားကြုံ သနားရင်သနားသလို ခေါ်တင်လာလို့ သူ့ဆွေမျိုးတွေဆီရောက်လာရတယ်တဲ့ ...
ပိုက်ဆံတပြားမှမပါဘူး ...
လမ်းတလျှောက် ကုလားပဲခြမ်းကိုဝါးစားပြီး အသက်ရှင်လာခဲ့တယ် ...
အဲ့ဒီလို စွန့်စွန့်စားစားထွက်လာခဲ့တာ ၁၄ နှစ်သား ...
မြန်မာပြည်ရောက်တော့ ရှေ့ကကြိုရောက်နှင့်နေတဲ့ဆွေမျိုးတွေရဲ့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးရတယ် ...
အဲ့ဒီလိုကြိုးစားရင်း တချိန်ကျတော့ သူဌေးကြီးလို့ပြောနိုင်လောက်အောင် ကြီးပွါးသွားတယ် ...
သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ အရည်အချင်းတွေက ကိုယ်တွေလည်းကြုံဖူးတယ် ...
တကယ်ကို ကြီးပွါးချမ်းသာထိုက်တယ် ...
စာရှည်မှာစိုးလို့ ထားပါတော့ ...
နောက်ထပ် သူငယ်ချင်းတယောက်ရဲ့အဖေလည်း သူ့ဘဝအကြောင်းပြောပြဖူးတယ် ...
သူ့ကျတော့ ၇ နှစ်သားနဲ့ မိဘတွေက မကျွေးနိုင်မမွေးနိုင်တော့လို့ မြန်မာပြည်ကို လူကြုံနဲ့ထည့်ပေးလိုက်တာ ...
သူ့မိဘနဲ့ ကျန်ရစ်တဲ့ အစ်ကိုအစ်မတွေမျက်နှာတောင် ရေးရေးပဲ မှတ်မိတော့တယ်တဲ့ ...
မြန်မာပြည်က ဆွေမျိုးတွေလည်း ဆင်းဆင်းရဲရဲရုန်းကန်နေရတဲ့ကြားထဲက သူ့ကိုလူလားမြောက်အောင်ပြုစုကြတယ် ...
နောင်တချိန်ကျတော့ ဆန်စက်သူဌေးကြီးဖြစ်လာတယ် ...
သူတို့ပြောတဲ့ တူညီချက်တွေကတော့ ဒုက္ခသုက္ခတွေရောက်ရလွန်းတော့ ဆင်းရဲမှာငတ်မှာကြောက်ပြီး အသားကုန်ရုန်းကန်ကြိုးစားပြီး ကြီးပွားလာကြတာပဲတဲ့ ...
ဒါပေမယ့် ဝင်လာတဲ့တရုတ်တိုင်း ကြီးပွါးချမ်းသာသွားကြတာတော့မဟုတ်ဘူး ...
တရုတ်ကနေ တမြုပ်ဖြစ်သွားကြတဲ့သူတွေအကြောင်းလည်း သူတို့ဆီက ကြားရဖူးတယ် ...
အများစုက မကြိုးစားတာ၊ အောက်ခြေလွတ်တာ၊ ဖြတ်လမ်းလိုက်ပြီး ကတိမတည် သစ္စာမရှိတာတွေကြောင့်ပဲတဲ့ ...
အဲ့ဒီလို ခေတ်ပျက်လို့ ထွက်ပြေးလာကြရတဲ့တရုတ်တွေဟာ လူမျိုးတူရာအလိုက်စုပေါင်းပြီး ဘုံကျောင်းတွေထူထောင်ကြတယ် ...
အဲ့ဒီဘုံကျောင်းတွေကတဆင့် ဒုက္ခရောက်နေသူတွေ၊ တိုးတက်အောင်မြင်အောင် ကြိုးစားနေသူတွေကို ခုသာခံသာဖြစ်အောင် ကူညီရိုင်းပင်းကြတယ် ...
ဒီလိုဘုံကျောင်းတွေရဲ့ အရေးပါမှုကလည်း ရွှေ့ပြောင်းအခြေချကြတဲ့ တရုတ်လူမျိုးတွေကို အများကြီးအထောက်အကူဖြစ်စေတယ်တဲ့ ...
လူတချို့ကို ဘုံကျောင်းက ငွေအလွတ်ပေးပြီးကူညီသလို လူတချို့ကို ငွေချေးပြီးထူထောင်ပေးကြတယ် ...
သေချာတာကတော့ တရုတ်အချင်းချင်း သိပ်ညီညွတ်ကြတာပါပဲတဲ့ ...
မြန်မာပြည်ရောက်တဲ့တရုတ်အမျိုးအနွယ်က သုံးလေးဆက်ရှိသွားပြီ ...
အများစုက ကြီးပွါးချမ်းသာကြပါတယ် ...
သူတို့ရဲ့ မူလဘူတစွမ်းအားတွေနဲ့ စုစည်းညီညွတ်မှုကို ထိန်းသိမ်းပြီး ဆက်လက်ကြီးပွါးအောင် ကြိုးစားနေကြတုန်းပဲ ...
အခုမြန်မာပြည်အခြေအနေပြန်ကြည့်တော့ တရုတ်ပြည်ပျက်သလိုပဲ ...
မြန်မာပြည်ပျက်လို့ ပြည်ပထွက်ရတဲ့ မြန်မာလူဦးရေဟာလည်း အရင်ကထက်ပိုများသွားပြီ ...
ဟိုတနေ့က သတင်းတွေအရဆိုရင် အလုပ်စွမ်းအားစုရဲ့ အရေးပါတဲ့ လူငယ်လူရွယ် ၇၀% နှုန်းဟာ ပြည်ပထွက်သွားကြပြီလို့ဆိုတယ် ...
ဒါပေမယ့် ချင်မင်းဆက်ပျက်တုန်းကလို၊ ယဉ်ကျေးမှုတော်လှန်ရေးဂယက်လို ထွက်ပြေးလာကြရတဲ့တရုတ်တွေလို မြန်မာတွေကတော့ တပြည်ရပ်ခြားမှာ ကြီးပွါးချမ်းသာဖို့ မဖြစ်နိုင်ဘူး ...
ခေတ်ကာလကလည်း မတူတော့ဘူး ...
အိမ်နီးချင်းနိုင်ငံတွေကလည်း လုပ်အားခေါင်းပုံဖြတ်တာနဲ့ အမျိုးသားရေးဝါဒတွေနဲ့ဖိနှိပ်လာကြတယ် ...
ဒီကြားထဲက ပြည်ပရောက်မြန်မာတွေအချင်းချင်းလည်း မညီညွတ်ကြပါဘူး ...
မြန်မာအချင်းချင်း သတ်ကြဖြတ်ကြ၊ လိမ်ကြ၊ ခိုးကြ၊ ကလိမ်ကျကြဆိုတဲ့ သံသရာကြီးနဲ့ နိုင်ငံရပ်ခြားမှာ ချာလည်လိုက်နေကြတယ် ...
"မြန်မာဆယ်ယောက်ရှိရင် ကိုးယောက်က ဆရာ၊ ကျန်တဲ့တယောက်က ဆရာ့ဆရာပဲ" လို့ ထိုင်းတယောက်ကပြောဖူးတယ် ...
သူပြောတာလည်း ဟုတ်သလိုလိုရှိတာမို့ ဘာမှပြန်မပြောရဲဘူး ...
ဒီလိုသံသရာကြီးက ကြာနေဦးမှာပဲ ...
ဘယ်လိုလုပ်ကြပါလို့လည်း မပြောရဲ မဝေဖန်ရဲဘူး ...
တော်ကြာ မင်းက ဆရာကြီးလား 😂လို့လာခေါ်နေမှာစိုးလို့။
Home
Hand Sales & Services (Japan)
#ဂျပန်ပြည်တွင်းအိမ်ပြောင်းရွှေ့ဝန်ဆောင်မှု