25/12/2022
System Error
ဒီနေ့စိတ်ကူးထဲပေါ်မိတဲ့အကြောင်းအရာလေး မှတ်တမ်းတင်ချင်တာနဲ့ပဲရေးဖြစ်သွားတာပါ။ ခေါင်းစဥ်တွေလျှောက်စဥ်းစားရင်း ခပ်တိုတိုပဲ ဒီခေါင်းစဥ်ကိုပေးဖြစ်သွားမိတာပေါ့။ လူ့သမိုင်းမှာ လူသားတွေကို အကျိုးပြုခဲ့သူတွေအများကြီးရှိပါတယ်။ တစ်ချို့လည်းနာမည်ကြီးတယ် တစ်ချို့လည်းမထင်မရှားကွယ်လွန်သွားကြတယ်။ ဒီထဲမှာမှ သနားစရာကောင်းတဲ့သူတွေလည်းအများကြီးရှိပါတယ်။ လူသားတွေကိုများစွာအကျိုးပြုခဲ့ပေမယ့် စီမံခန့်ခွဲမှုအလွဲတွေကြောင့် မထင်ရှားရုံမက နစ်နာသွားခဲ့ရတဲ့သူတွေအများကြီးရှိခဲ့ပါတယ်။ ပုဂံခေတ်ကလိုပေါ့ ဒီလိုဘုရား အခြားသူမတည်နိုင်အောင် ဗိသုကာပညာရှင်တွေကိုဘုရားပြီးတာနဲ့သတ်ပစ်တာမျိုး၊ တွေးကြည့်ရင်အရမ်းရင်နာစရာကောင်းပါတယ်။ လူသားတွေအတွက်လည်း အရမ်းနစ်နာရပါတယ်။
ဒီလိုအကြောင်းအရာတွေကိုဒီဘက်ခေတ်မှာလည်းကြားနေသိနေရတုန်းပါပဲ။ ထင်ရှားတဲ့ဥပမာဆိုရင် ဒုတိယကမ္ဘာစစ်ကိုမြန်မြန်ဆန်ဆန်အဆုံးသတ်စေနိုင်ခဲ့တဲ့ Enigma ဝှက်စာစနစ်ကိုဖော်ထုတ်တဲ့စက်ကို ဦးဆောင်တီထွင်ခဲ့သူ Alan Turing လိုမျိုးပေါ့။ ဒီနေ့ခေတ် Al စနစ်တွေ computer စနစ်တွေရဲ့ ကနဦးတီထွင်မှုဟု ဆိုကြသည့် Enigma decryption machine ကို စစ်အတွင်းမှာ တကယ်အရေးကြီးချိန်မှာ အချိန်ကိုက်အောင်မြင်အောင်တီထွင်နိုင်ခဲ့သူပါ။ သို့သော်လည်း British အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ Alan Turing နဲ့အဖွဲ့ဝင်တွေမထင်မရှား နိဂုံးချုပ်ခဲ့ရပါတယ်။ စစ်ဘက်ဆိုင်ရာထိပ်တန်းလျှို့ဝှက်အဖြစ် Enigma Decryption ကိုသတ်မှတ်ပြီး မဟာမိတ်အချင်းချင်းတောင်စစ်ကြီးပြီးတဲ့အချိန်အတော်အကြာထိပေးမသိခဲ့ပါဘူး။ ဒါနဲ့ဆက်စပ်ပြီး Turing နဲ့အဖွဲ့ကိုဇာတ်မြုပ်နေခိုင်းခဲ့ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူးဗျ။ Turing က Homo တစ်ယောက်ဖြစ်နေခဲ့တဲ့အားနည်းချက်ကြောင့် ဘဝအဆုံးသတ်ပိုပြီး မလှမပဖြစ်ခဲ့ရပါတယ်။ ထိုအချိန်ကာလများက Homo ကိစ္စတွေကို Britain မှာဥပဒေနဲ့ကို တားမြစ်နှိပ်ကွပ်ထားတာပါ။ တစ်ရက်မှာ Turing ရဲ့နေအိမ်ဖောက်ထွင်းဝင်ရောက်ခံရတဲ့ကိစ္စကို ရဲကစစ်ဆေးမေးမြန်းရင်း Turing က homo တစ်ယောက်ဖြစ်တယ်ဆိုတာ မတော်တဆပေါ်သွားခဲ့တယ်။ ပုံမှန်လူဆိုရင်ထောင်ကျမှာဖြစ်ပေမယ့် Turing ကိုတော့ ထောင်ထဲဝင်မလား၊ ဆေးကုမလားဆိုပြီး ရွေးချယ်ခွင့်ပေးခဲ့ကြတယ်။ ဒီလိုနဲ့ပဲ Turing တစ်ယောက် Hormone Therapy မှာ ဆေးတွေအကြီးအကျယ်သောက်ရပြီး စိတ်ကျရောဂါရကာ အဆိပ်သောက်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားပါတယ်။ နှောင်းပိုင်းပညာရှင်တွေရဲ့တွက်ချက်ခန့်မှန်းမှုများအရ Turing ရဲ့တီထွင်မှုကြောင့် ဒုတိယကမ္ဘာစစ်ဟာ အချိန်နှစ်နှစ်ခန့်ပိုတိုသွားသလို လူသန်းပေါင်းများစွာ အသက်ချမ်းသာရာရခဲ့တယ်လို့ဆိုကြပါတယ်။ ဒီလိုမျိုး ကမ္ဘာ့အဆင့်ပညာရှင်တစ်ယောက်ဟာ System Error အောက်မှာ မလှမပနိဂုံးချုပ်ခဲ့ရတာ လူသားတွေအတွက်များစွာနစ်နာခဲ့ရပါတယ်။ သူဆီကနောက်ထပ်ရလာမယ့် တီထွင်မှုတွေ ပညာရပ်တွေအများကြီးဆုံးရှုံးသွားရတာပါ။ ဒီလိုပဲ Chernobyl Nuclear Hazard case က Nuclear ပညာရှင် Professor Legasov ဆိုရင်လည်း RMBK 1000 Reactor ရဲ့ Design Error ကိုထောက်ပြရင်း KGB ရဲ့ထိန်းချုပ်မှုအောက်မှာ မိိမိကိုယ်ကိုယ်အဆုံးစီရင်သွားပါတယ်။
ဒီအဖြစ်အပျက်များကိုသင်ခန်းစာယူရင်း System Error များမှကင်းဝေးနိုင်ကြပါစေ။