26/11/2022
သစ်တောပျိုးဥယျာဉ်လုပ်ငန်းအကြောင်းကို
ကိုယ်ကြုံဖူးသလောက်ပြန်မျှဝီပီးချင်ပါရေ။
နည်းလမ်းမကျစော်တိဟိကေလေ့လမ်းညွှန်
ပီးကတ်စီချင်ပါရေ။(အပိုင်း-၁)
#ပျိုးဥယျာဉ်အကြောင်းမပြောခင်
သစ်တောစိုက်ခင်းစိုက်ဖို့ဆိုကေ
ကြိုတင်စဉ်းစားသင့်ရေအချက်ချေတိကို အကြံပြုချင်ပါရေ။
#ကိုယ်က ဇာလိုအပ်ချက်အတွက်စိုက်ဖို့စော်လေ(ထင်း/ တိုင်/မျှော/သစ်...)
#ကိုယ်စိုက်ဖို့နီရာမှာ အယင်က ဇာအပင်တိ အဓိက ရှင်သန်မှုကောင်းလေ။(နီရာဒေသနန့်ကိုက်ညီမှု)
#ကိုယ်စိုက်ပျိုးဖို့အချိန်ခါ လိုအပ်တေ ပျိုးထောင်နည်း/စိုက်ပျိုးနည်းတိကိုဇာသူ့ဘက်ကရနိုင်ဖို့လဲ။(နည်းပညာ အကူအညီ)
#မျိုးစေ့က ဇာနီရာက အလွယ်တကူရနိုင်ဖို့လဲ။
#ကုန်ကျဖို့ငွေအင်အား ဇာလောက်ရှိနိုင်ဖို့လဲ။
အထက်ကပြောခရေအချက်ချေတိက စိုက်ခင်းမလုပ်ခင်စဥ်းစားစရာအချက်ချေတိဖြစ်ပါရေ။
အဂုတော့ကေပျိုးဥယျာဉ်အကြောင်းကို
လားကတ်ပါဖို့ဗျလ်။
ပျိုးဥယျာဉ်တစ်ခုကို ပျိုးပင်များများနန့်စနစ်တကျ သေသေချာချာချေလုပ်ဖို့ဆိုကေ အောက်ကအချက်ချေတိကိုအကြံပြုချင်ပါရေ။
#ပျိုးဥယျာဉ်မြေနီရာရွီးချယ်ရပါဖို့။
-ချောင်း/မြောင် နန့်နီးရပါဖို့(အမြဲတမ်းရီရရှိနိုင်ရေနီရာဖြစ်ရပါဖို့)
-နေရောင်ခြည်ကောင်းကောင်းမွန်မွန်ရရေနေရာ
-မြေဆွီး၊သဲ၊နွားချီး အလွယ်တကူရနိုင်ရေနီရာ
-ဗြင်ညီပြီးကေရီမဝပ်နိုင်ရေနီရာ
-စိုက်ဖို့စိုက်ခင်းနီရာနန့်အနီးဆုံနီရာ
ယင်းပိုင်နီရာတိကိုဦးစားပီးရွီချယ်ရပါဖို့။
ပျိုးဥယျာဉ် ဘေးနှစ်ဖက် လီကာတန်း အပင်တိစီလို့ ဟိနီရေနီရာမျိုးရနိုင်ကေ ပိုကောင်းပါရေ။
အချက်တိုင်းမှာတော့ သူ့အကြောင်းပြချက်ချေတိရှိပါရေ။ စာရှည်ဖို့ကြောက်လို့ အကျယ်တဝင့်မရီးပါဗျလ်။
#ပျိုးစင်ဆောက်ရပါဖို့။
-ပျိုးစင်ကို တိုင်ပျောက်ပျိုးစင်ဆောက်ရပါဖို့။
-တိုင်ပျောက်ပျိုးစင်ဆောက်စော်မှာ အစွန်ဆုံး(၂)ခန်းစော် (၁၀)ပေထားပြီးကေ အလယ်ခန်းတိက (၁၂)ပေ ဆောက်ရပါဖို့။
-တိုင်ပျောက်ဆောက်ရရေ ရည်ရွယ်ချက်က
လူလားလမ်းမှာ ပျိုးစင်တိုင်တိ မရှိစီချင်လို့ပါ။ရီလောင်းစော်နန့်အခြားလုပ်ငန်းစဉ်တိမှာအဆင်ပြေစီချင်လို့ပါ။
(ပုံမှာအသေးစိပ်ရှင်းပြထားပါရေ။)
-ပျိုးစင်အမြင့်ကို (၇ပေ - ၉ပေ)ကြားထားရပါဖို့။ နိမ့်အားကြီးကေလီဝင်လီထွက်မကောင်း၊
မြင့်အားကြီးကေ လီပြင်းနန့် ပျိုးစင်ပျက်စီးတတ်ပါရေ။
-ပျိုးဘောင်တစ်ခုစီသည် (အနံ ၄) ပေ နှင့်အလျားက ပေ(၂၀) ဆိုကေ အသင့်တော်ဆုံးပါဗျလ်။ ပျိုးဘောင်ကို အလျားလိုက် အရှေ့ အနောက် ပုံစံထားစော်ပိုကောင်းပါရေ။နီရောင်ခြည်ကို ပြည့်ပြည့်ဝဝရရှိစီဖို့အတွက်ပါ။
-ပျိုးဘောင်(အနံ ၄ပေ x အလျား ၁ ပေ)စီမှာ ပျိုးအိတ်အရွယ်အစား(၆" x ၃") သို့မဟုတ် (၇" x ၃")ပျိုးအိတ် (၆၀) အိတ် လောက်ကန်ပါရေ။ ကိုယ်ပျိုးဖို့ အပင်အရေအတွက်နန့် လိုက်ပြီးကေ ပျိုးစင်ကို (အကြီး/အငယ်) ညှိယူလို့ရပါရေ။
-အနံကို ၄ ပေ ထားရရေ ရည်ရွယ်ချက်က ပျိုးဘောင်အလယ်ထိ ပုံမှန်လူတစ်ယောက် လက်နန့်လှမ်းမီနိုင်အောင်လို့ပါ။
-ပျိုးဘောင် တစ်ခုနှင့်တစ်ခု ကြား ၂ပေ(လူလားလမ်း) ချန်ထားပြီးမှ ဆောက်လားရပါဖို့။
ပျိုးဥယျာဉ်ကို ကျွဲ၊နွား၊ဆိတ်၊ကြက် တိ အန္တရာယ်က ကာကွယ်ဖို့ ပတ်ပတ်လည် ထရံကာရပါဖို့။
#မြေရောစပ်/ပျိုးအိတ်မြေထည့်
-အပေါ်ယံမြေ+မြေဆွီး + သဲ + နွားချီး (၃+၁+၁+၁)ရောစပ်ပါ။ နေရာဒေသအလိုက်မြေမတူနိုင်ရေအတွက် သင့်တော်ရေပုံစံနန့်ရောစပ်ရပါဖို့။ ရောစပ်ထားရေမြေကို လက်နန့် ကျစ်ကြည့်ပါ၊ မာရေနေရာတခုခုကိုပစ်ကြည့်ပါ၊ စပ်ထားရေမြေတိ မွပြီးကေ ပစ်ထားရေနေရာမှာ အတုံးအခဲလိုက် မတင်ကျန်ခဆိုကေ အဆင်ပြေရေ မြေအရောအစပ်ကိုရဗျလ်လို့ယူဆနိုင်ပါရေ။ အခြားနည်းတိလည်းရှိပါရေ။ ဥပမာ ရောစပ်မြေကို ပစောက်ပုံကွေးကြည့်စော်မျိုးတိပါ။
-ရောစပ်စော်မလုပ်ခင် အပေါ်ယံမြေ/မြေဆွီး/နွားချီး ရို့မှာပါလာရေကျောက်တုံး/အမှိုက်တိကို ဇကာချပြီးကေ ဖယ်ရှားပစ်ရပါဖို့။
-ဇကာချပြီးသား အပေါ်ယံမြေ/မြေဆွီး/နွားချီး/သဲ ရို့ကို သမအောင်ရောမွှီပြီးကေ ပျိုးအိပ်ထဲကိုထည့်ပါ။ ပျိုးအိတ်တိကို ပျိုးဘောင်ထဲမှာ ညီညီညာညာစီရပါဖို့။ အဂုတခါတော့ အေနားမှာ ရပ်ထားခွင့်ပြုပါလူကြီးမင်းရို့။
#နောက်ဆက်တွဲလုပ်ငန်းတိကို (အပိုင်း-၂)မှာ
ဆက်လို့မျှဝီပီးလားပါမယ်။ ကျေးဇူးတင်ပါရေ။