Aell Mo Thae

Aell Mo Thae Welcome to my page!!!

ကျွန်မတို့တွေ ငယ်ငယ်ကဆို ဖေဖေနဲ့ မေမေ ကိုချစ်လား မေးရင် ချစ်တယ် ...ဘယ်လောက်ထိချစ်လဲ ထပ်မေးရင် အများကြီး ချစ်တယ် ...ဘယ်ထဲ...
21/02/2023

ကျွန်မတို့တွေ ငယ်ငယ်ကဆို
ဖေဖေနဲ့ မေမေ ကိုချစ်လား မေးရင် ချစ်တယ် ...
ဘယ်လောက်ထိချစ်လဲ ထပ်မေးရင် အများကြီး ချစ်တယ် ...
ဘယ်ထဲက ချစ်တာလဲ ‌မေးရင် များသောအားဖြင့် ဗိုက်ဗိုက်ထဲက သို့မဟုတ် နှလုံးသားထဲက လို့ ဖြေတတ်ကြတယ်...

တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းတွေကို ပိုခုံမင်တတ်လာတယ်...
နှစ်‌ဆယ်ကျော်လာတာတဲ့ အမျှ ဘဝလက်တွဲဖော် ဘာညာသာရကာတွေ ကို ရှေ့တန်းတင်မိလာကြတယ်...
အသက်သုံးဆယ်ကျော်လာတဲ့အခါ လုပ်ငန်းခွင်က အရေးပါတယ်လို့ သုံးသပ်ပြီး အလုပ်ကိုပဲ ဦးစားပေးတတ်ကြတယ်...

အသက်အရွယ်တွေရလာတဲ့အခါ ဖေဖေ့ကို ချစ်တယ် မေမေ့ကိုချစ်တယ် လို့ မပြောဖြစ်ကြတော့ဘူး ...
မပြောဖြစ်ကြပေမယ့် ရင်ထဲမှာတော့ ချစ်ကြတာချည်းပါပဲ ..
ကျွန်မ ကိုယ်တိုင်လည်း ထိုစကားကို မပြောဖြစ်တာ ကြာလှရောပေါ့ ...

အခုပြောလည်း နောက်မကျသေးဘူးဆိုရင် ‌ပြောကြရအောင်လားရှင်...
ကိုယ့်မိဘကို အချိန်လေးပေးပြီး ပိုဂရုစိုက်ကြရအောင်နော်...
မိဘ နှစ်ပါးမှာ တစ်ပါးတိမ်းခဲ့သူများရှိခဲ့လျှင်လည်း ကျန်တဲ့ အမိ အဖ ကို သက်ရှိ ဘုရားတစ်ဆူလို ကိုးကွယ်ကြမယ်နော်...
မိဘနှစ်ပါး မရှိခဲ့သည်ရှိသော် ဒီpost လေး ဖတ်မိပြီး စိတ်မကောင်းဖြစ်သွားခဲ့ရင် ကျွန်မ တောင်းပန်အပ်ပါတယ်နော် ...
ဒီလိုအတွေးမျိုး ကျွန်မနဲ့ ထပ်တူ တွေးခဲ့မိကြရင် အချိန်မနှောင်းခင် ကျွန်မတို့ရဲ့ မိဘများကို ပိုချစ်ကြမယ်.. ပိုဂရုစိုက်ကြမယ် .. ပိုအချိန်ပေးကြမယ်..

ဒီနေရာလေးကနေပဲ ကျွန်မကိုယ်တိုင်ထပ်လောင်းပြောကြားပါရစေလားရှင်...
သမီးရှေ့ကအမြဲ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးတဲ့ ဖေဖေ့ကို သမီးအရမ်းချစ်ပါတယ် ...
သမီးကိုဘာမဆို အကောင်းဆုံးတွေပဲ လုပ်ပေးတတ်တဲ့ အကောင်းဆုံးဆိုတာတွေပဲ ဖြစ်စေချင်တဲ့ စေတနာကြီးမားပြီး မိသားစုကို အရမ်းဦးစားပေးတတ်တဲ့ မေမေ့ကို သမီး အရမ်းချစ်ပါတယ် ...
ဖေဖေနဲ့ မေမေ အနာရောဂါကင်းမဲ့ကာ ကျန်းမာ ပျော်ရွှင်ပြီး အလှူရေစက်လက်နဲ့ မကွာ လှူဒါန်းနိုင်ပါစေ ...အစဉ် ဆုတောင်းလျက် ....

ဖေဖေနဲ့ မေမေရဲ့ သမီးကြီး
မိုမို

အသားတော် ညိုပြာညက်ကာစကားတော် ရိုးကာရှင်းလို့အပြုံးတော် ချိုသာကဲသမို့စိတ်ထားတော် ဖြူကာရှင်းပေတဲ့မန်းသူ့ အထာ ။ အဲမိုသဲ
03/04/2022

အသားတော် ညိုပြာညက်ကာ
စကားတော် ရိုးကာရှင်းလို့
အပြုံးတော် ချိုသာကဲသမို့
စိတ်ထားတော် ဖြူကာရှင်းပေတဲ့
မန်းသူ့ အထာ ။

အဲမိုသဲ

ကျွန်မညီမလေး မိခင်လောင်းစဖြစ်တော့မယ်ဆိုတာ သိသိချင်း ပျော်လိုက်တာလေ ပြောမပြတတ်အောင်ပဲ... သူ့ဗိုက်ပိစိလေးကို ချစ်လိုက်တာအရ...
29/03/2022

ကျွန်မညီမလေး မိခင်လောင်းစဖြစ်တော့မယ်ဆိုတာ သိသိချင်း ပျော်လိုက်တာလေ ပြောမပြတတ်အောင်ပဲ...
သူ့ဗိုက်ပိစိလေးကို ချစ်လိုက်တာအရမ်းပဲ...
အခုလည်း သိပ် မထွက်သေးတဲ့ ဗိုက်ဗိုက်ကလေးကို ဗိုက်ဖုံး ဂါဝန်လေးတွေ ရှာဝယ်ပေးရခြင်းက ကျွန်မအတွက် ပီတိတွေ ဖြစ်နေရတော့တာ...
ဗိုက်ထဲက သားသားလား မီးမီးလား မသိဘူး
ကျွန်မမှာ တွေး တွေးပြီး ချစ်နေရတယ် ။

ကျွန်မ​လေ.. ကိုယ့်မောင်မှ ကိုယ့်မောင်ဆိုပြီး အတ္တစိတ်နဲ့ ​မချစ်ဘူး။
ကိုယ့်မောင်လေးနဲ့ပတ်သက်ပြီး တော်ရတဲ့ ယောင်းမလို့ မတွေးဘူး။
ညီမလေးတစ်ယောက်ရလိုက်တယ်လို့ ခံယူထားတယ်။
မေတ္တာဆိုတာ ထားတတ်ရင် အေးချမ်းပါတယ်။

မုန်းဖို့လွယ်သလောက် မေတ္တာထားကြည့်ဖို့ခက်တယ်။

ဘယ်အရာမဆို Negative View အတွေးဝင်ဖို့ တစ်ခဏပဲကြာသလောက် Positive View ကနေရှုမြင်တတ်ဖို့တော့ ကြိုးစားယူကြရမယ်။

ကျွန်မလည်း လူတစ်ယောက်ကို ချစ်ပြီဆို အဆုံးစွန်ထိ ချစ်တတ်သလို ... အသည်းနာပြီ မုန်းပြီဟေ့ဆိုလည်း ပြန်ကိုလှည့်မကြည့်တတ်တော့တဲ့ လူစားထဲပါ ပါ တယ်။
ထိုစိတ်တွေက ကျွန်မကို မောပန်းစေတယ်။

ဒါကြောင့် ကျွန်မကိုယ်ကျွန်မ ပြန်သုံးသပ်ရင်း positive view ကနေ ပြန်ပြန်တွေးပြီး သတိပေးတယ်။
လူတွေက များသောအားဖြင့် မကောင်းတာတွေ့ရင် ကောင်းခဲ့ဖူးတာ မေ့သွားတတ်ကြတယ်။(လူအားလုံးကို မဆိုလိုပါရှင့်)

ကျွန်မ စိတ်ထဲ ထိုလူက အရမ်းပင်ပန်းစေပြီဆိုရင် အဲဒီလူရဲ့ ကောင်းကွက် ဆိုးကွက် ကို ကျွန်မ သေချာပြန်တွေး ပြန်စဥ်းစားကြည့်မိတယ်။

ကောင်းတဲ့အရာတွေက မကောင်းတဲ့အရာတွေအပေါ် လွှမ်းမိုးသွားနိုင်တယ်ဆို ကျွန်မကိုအဆင်မပြေဖြစ်​စေတဲ့စိတ်ကို အမြန်ဆုံးချေဖျက်ပစ်ပါတယ်။

သူ့ရဲ့ကျွန်မအပေါ် မကောင်းတဲ့အချက်က ကောင်းတဲ့အချက်ထက် များနေရင် ကျွန်မ အတွက် မိတ်ဆွေစစ်လား မိတ်ဆွေတုလား ပြန်ခွဲခြားပါတယ်။

သေချာစဥ်းစားပြီးလို့ မိတ်ဆွေတုဖြစ်နေရင် ထိုသူကို ဥပက္ခာပြုခြင်းနဲ့ အတူ ဆက်လက်နေထိုင်သွားပါတယ်။

ဒီနည်းလမ်းက ကျွန်မအတွက် အဆိပ်မိနေတဲ့ စိတ်ကိုဖြေသိမ့်ပေးနိုင်တဲ့ အကောင်းဆုံး ဖြေဆေးတစ်ခွက်ပါပဲရှင်။

မေတ္တာဆိုတာ အလျားအနံမရှိဘူး ၊ အသွားအပြန်ရှိတယ် လို့ ဆိုတတ်ကြသေးတယ်မလားရှင်။

မေတ္တာပေးလို့ မေတ္တာပြန်ရ ရ မယ် လို့ မျှော်လင့်ချက်မထားဘဲ မေတ္တာပေးပါ။

ကိုယ့်ဘက်က လုပ်ပေးချင်စိတ်ရှိသရွေ့ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပေးလိုက်ပါ။

ကိုယ် မေတ္တာထားသူ ၊ ကိုယ်ကူညီလုပ်ကိုင်ပေးလိုက်သူ ဆီ မှ ပြန်ကမ်းလာမယ့် မေတ္တာမရသော် တခြားသူဆီမှ ရပါလိမ့်မယ်။

မျှော်လင့်မထားတဲ့အတွက် အနည်းဆုံးတော့ ကိုယ့်စိတ်က အေးချမ်းပြီး လိပ်ပြာလုံပါတယ်ရှင်။

ကျွန်မတို့တွေလည်း တစ်ခဏ တစ်ဘဝမှာ တွေ့ဆုံကြုံခွဲ ဓမ္မတာပဲပေမို့ မေတ္တာတရား လက်ကိုင်ထားရင်း စိတ်အေးချမ်းမှုကို အတူရှာဖွေကြရအောင်လားရှင်။

မှတ်ချက်။ ပုံလေးက ကျွန်မမောင်လေးရဲ့အပြုံးနဲ့အတူ ဗိုက်ဖုံးအင်္ကျီ​လေးနဲ့ လှ​နေတဲ့ ကျွန်မ ညီမလေးကို ချစ်လို့ အမှတ်တရတင်ခြင်းဖြစ်ပါတယ်။
အပျော်တွေကူးစက်ကြပါစေရှင် ❤

အဲမိုသဲ
25/03/2022

အဲမိုသဲ

မိဘမေတ္တာဆိုတာ တကယ်ကို တုနှိုင်းမဲ့ ပါပဲ။စာစီစာကုံးတွေထဲကလိုဆို မြင်းမိုရ်တောင်မက ကြီးမားလှတာပေါ့ရှင်။ ဘယ်မိဘမဆို ကိုယ့်...
20/03/2022

မိဘမေတ္တာဆိုတာ တကယ်ကို တုနှိုင်းမဲ့ ပါပဲ။
စာစီစာကုံးတွေထဲကလိုဆို မြင်းမိုရ်တောင်မက ကြီးမားလှတာပေါ့ရှင်။
ဘယ်မိဘမဆို ကိုယ့်သားသမီးကို ချစ်လွန်းတာတော့ အတိုင်းထက်အလွန်ပါပဲ။
ကျွန်မလည်း မိဘနေရာ မရောက်သေးသရွေ့ မိဘတွေရဲ့ ခံစားချက်ကို အပြည့်အဝ မသိ နားမလည်တာ ဝန်ခံပါတယ်ရှင်။

သားသမီးနေရာမှာ ရှိသရွေ့ သားသမီးတို့ရဲ့ ခံစားချက်အရ ရင်ဖွင့်ပါရစေလားရှင်။
ကျွန်မ မိဘတွေက ရှေးရိုးဆန်တဲ့ စာအုပ်ကြီး စနစ်သမားတွေပါ။
ကျွန်မ ဖေဖေကတော့ ရှေးဆန်ပေမယ့် လူငယ်တွေကို နားလည်ပေးတတ်ပါသေးတယ်။
ကျွန်မမေမေကတော့ အရမ်းချစ်လွန်းတော့ သူ့အတွက် သားသမီးသည်သာ အဓိကပါပဲ။
ချုပ်ခြယ်လွန်းတဲ့ထဲမှာ ကျွန်မမေမေ ပါ ပါ တယ်။
တစ်ခါတစ်ရံ မေမေ့ချစ်ခြင်းတွေက ကျွန်မကို အင်မတန် မွန်းကြပ်စေပါတယ်။
တစ်ခါတစ်ရံ စိတ်ပင်ပန်းစေပါတယ်။ ကျွန်မ အိမ်ကို အရမ်းချစ်တတ်တဲ့ထဲမှာ ပါ ပါ တယ်။ သို့သော် အရမ်း စိတ်ရှုပ်လာသည့်တိုင် ကျွန်မ အိမ်ကနေထွက်ဖို့ အကြံမျိုးစုံ ထုတ်နေတတ်ပါတယ်။

ကျွန်မ မိဘအရိပ်အာဝါသက အလွန် လုံခြုံသော်လည်း တစ်ခါတစ်ရံ မိဘတို့ရဲ့ ချစ်ခြင်းထုထည်က အဆမတန် ကြီးမားလာလေ ကျွန်မအတွက် ပိုပြီး အနေကြပ်စေ ပိုပြီးဝန်ပိ စေ ပါ တယ်။
အထက်တန်းကျောင်းသူအထိက ကျွန်မ မိဘ သည်သာ အရေးအပါဆုံးပါ။
တက္ကသိုလ်ကျောင်းသူ အရွယ်ရောက်လာတော့ သူငယ်ချင်းနဲ့ မေမေကြား လွန်ဆွဲရင်း စိတ်ပင်ပန်းခဲ့ရတာတွေ အများကြီးရှိလာပါတယ်။
သူငယ်ချင်းတွေက နင့်အမေပါလိုက်မှာလား အိမ်မှာ နင့်အမေရှိလား နဲ့ ကျွန်မက သူငယ်ချင်းတွေကြား တဖြည်းဖြည်း အပယ်ခံဖြစ်လာပါတယ်။
သူ့အသက်အရွယ်နဲ့သူ ချစ်ရသူ ရှိလာပြန်တော့ ချစ်ရသူ နဲ့ မေမေကြား ကျွန်မစိတ်တွေ အရမ်းပင်ပန်းတဲ့အထိဖြစ်လာပါတယ်။ တောင့်ခံရင်း စိတ်ဒဏ်ရာ များရတဲ့အထိ ဖြစ်လာပါတယ်။
ကျွန်မနဲ့ပတ်သက်သူဖြစ်ဖြစ် ကျွန်မချစ်ရတဲ့ သူငယ်ချင်းတွေဖြစ်ဖြစ် မေမေ့စိတ်ထဲ သူ့သမီးကို လုယူမယ့် သူ့ရန်သူ အဖြစ်မြင်နေတတ်ပါတယ်။
ဒီလိုနဲ့ပဲ ကျွန်မလည်း အပျိုကြီး အရွယ် စာရင်းဝင်လာတော့တာပါပဲရှင်။

ကျွန်မတို့ မောင်နှမ ၂ယောက် အနက် ကျွန်မက သမီး မိန်းကလေးမို့ ပိုမိုစည်းကမ်းတင်းကြပ်ခံရပါတယ်။ အချို့ နေရာတွေမှာ မှန်ကန်တဲ့နည်းလမ်းဖြစ်သော်လည်း တင်းလွန်းလျှင်ပြတ် ဆိုသလို တင်းကြပ်လွန်လျှင်လည်း ထွက်ပေါက်ရှာတတ်တာမို့ သူ့နေရာနဲ့သူ သူ့လမ်းစဥ်နဲ့သူ သွားတာ အဆင်ပြေပါတယ်ရှင်။

သားသမီး နေရာရှုထောင့်ကနေ ဖေဖေ မေမေတို့ကို ရိုသေလေးစားချစ်ခင်စွာဖြင့် အကြံပေးပါရစေရှင့်။(အရမ်းလိမ္မာတဲ့ သမီးတစ်ယောက် မဟုတ်လို့ ကျွန်မ ဖေဖေ နဲ့ မေမေကိုလည်း ဒီစာထဲကနေ စိတ်မကောင်းခြင်းများစွာနဲ့ တောင်းပန်အပ်ပါတယ်။)
ကိုယ့်သားသားမီးမီးတို့ကို အရမ်းချစ်လွန်းလို့ ချုပ်​​​ခြယ်မှုများလျှင် ကွယ်ရာရောက်တဲ့အခါ လွတ်ထွက်တတ်ပါတယ်ရှင်။ သားသမီးတွေရဲ့ အကျင့် သူတို့ရဲ့ စိတ်ကို မြင်အောင်ကြည့်ရင်း မတင်းလွန်း မလျော့လွန်းသော အနေအထားဖြင့်သာ အုပ်ချုပ်စေလိုပါတယ်။

ကျွန်မသာ မိဘနေရာရောက်လာခဲ့လျှင်လည်း ထိုသို့ ချစ်ခြင်းမေတ္တာများ သားသမီး အပေါ် သက်ရောက််စေမှာ မှန်သော်လည်း သားသမီးကို သူ့အသက်အရွယ် အပိုင်းအခြားအလိုက် နားလည်ပေးမယ်။ လုပ်သင့်တာ ပေးလုပ်မယ်။
သားသမီးကို သူတို့ရဲ့ အယုံကြည်ရဆုံး ရင်ဖွင့်ဖော် တိုင်ပင်ဖော်ဖြစ်အောင် ဘေးကနေ ထိန်းမတ်ပေးမယ်။(ကျွန်မ ဆယ်ကျော်သက်ကတည်းက မေမေ့ကို ကျွန်မရဲ့ အရင်းနှီးဆုံး ရင်ဖွင့်ဖော်ဖြစ်​စေချင်ခဲ့တာပါ ။ ဒါပေမယ့် မေမေ့ကိုကြောက်လို့ အဆူခံရမှာစိုးတဲ့စိတ်နဲ့ ဘာမဆို မတိုင်ပင်ရဲ မပြောရဲခဲ့ပါဘူး) ကျွန်မ သူငယ်ချင်းတွေ သူတို့မေမေတွေနဲ့ ရင်းရင်းနှီးနှီး တိုင်ပင်ပြောဆိုနေကြတာလေးတွေ တွေ့ရင် အရမ်းအားကျမိပါတယ်။

ကျွန်မရဲ့တူ တူမလေးတွေ​ဖြစ်ဖြစ် သားသမီးတွေပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ငယ်စဥ်ကတည်းက တဖြည်းဖြည်း လေ့ကျင့်ပေးမယ်။ သား နဲ့ သမီး ကို gender မခွဲဘဲ တန်းတူ ညီတူ ဆက်ဆံမယ်။ သူတို့စိတ်ခံစားချက်တွေကို အမြဲ ဆွေးနွေးပေးမယ်။ စာအုပ်ကြီးလမ်းစဥ်အတိုင်း ရိုက်မသွင်းဘူး စသဖြင့် ခေတ်စနစ်ကို မိမိကိုယ်တိုင် လေ့လာရင်း သူတို့အတွက် နည်းလမ်းမှန်မှန် ချစ်မယ်။ ကျွန်မအချစ်ကြောင့် သူတို့လေးတွေ နစ်နေမှာ အရမ်းကြောက်ပါတယ်။
ကျွန်မကိုပြောတော့သာ လွယ်တယ် တကယ်လက်တွေ့ခက်တယ်နော်လို့ ဦးဦးဒေါ်ဒေါ် အစ်ကို အစ်မတွေ ထောက်ပြလျှင်လည်း ကျွန်မလက်ခံပါတယ်ရှင့်။
သို့သော် ကျွန်မချစ်တဲ့ သူတွေကို ကျွန်မအချစ်ကြောင့် မပင်ပန်းစေလိုတာမို့ ကျွန်မ နည်းလမ်းအမြဲရှာပြီး ကြိုးစားနေဦးမှာ အသေအချာပါပဲရှင့်။

ဤအကြောင်းအရာများသည် ကျွန်မ အမြင် ကျွန်မ ခံစားချက်ဖြင့်သာ ရေးဖွဲ့ အကြံပြုထားပါသည်။
မှားယွင်းမှုများရှိသော် ကျွန်မမိဘများနဲ့ တကွ စာဖတ်သူ မိဘများကိုလည်း လေးစားမှုဖြင့် ကြိုတင် တောင်းပန်ရင်း ရိုသေစွာ ကန်တော့အပ်ပါသည်။
ကျွန်မတွင် စိတ်ဒဏ်ရာအများအပြားရှိသော်လည်း ကျွန်မ ဖေဖေနဲ့ မေမေကို အရမ်းချစ်ပါတယ်ရှင့်။

မေမေရဲ့ အဲမိုသဲ

➡ ကိုယ့်ရဲ့ Best Friend လို့ သတ်မှတ်ထားတဲ့ သူက နောက်ကျောကို ဓားနဲ့ထိုးတဲ့အခါ ရတဲ့ ဒဏ်ရာက ဘယ်တော့မှ သွေးမတိတ်တော့ဘူး ။➡ က...
15/03/2022

➡ ကိုယ့်ရဲ့ Best Friend လို့ သတ်မှတ်ထားတဲ့ သူက နောက်ကျောကို ဓားနဲ့ထိုးတဲ့အခါ ရတဲ့ ဒဏ်ရာက ဘယ်တော့မှ သွေးမတိတ်တော့ဘူး ။

➡ ကိုယ့်ရဲ့ မိတ်ဆွေစစ်လို့ မှတ်ယူထားတဲ့သူက သာပေါင်း ညာစား လုပ်တတ်တဲ့အခါ ရမိတဲ့ နောင်တက ဖြေမဆည်နိုင်ဘူး ။

➡ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်က ကိုယ့်ကို ချနင်းပြီး ကျော်ခွသွားတဲ့အခါ ရလိုက်တဲ့ သင်ခန်းစာက ဒိုင်ယာရီစာအုပ်ထဲ ရေးလို့ မဆန့်ဘူး ။

➡ ကိုယ့်ရဲ့ childhood Friend က သစ္စာဖောက်တဲ့အခါ ဝမ်းနည်းဒေါသတွေနဲ့အတူ ယူကြုံးမရဖြစ်မိရင်း သူ့ကို နားလည်ပေးဖို့ မတွေးချင်တော့ဘူး ။

ဒီဘဝမှာတင် ဝဋ်ကြွေးရှိသမျှ ကြေပါစေလို့ဆုတောင်းရင်း... ... ...
အဲမိုသဲ

" စိတ် "ကျွန်မတို့သက်ရှိလူသား​တွေမှာ မိမိတို့ရဲ့စိတ်က အဓိကကျတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။အောင်မြင်စေတာလည်း ဒီစိတ် ၊ ဆုတ်ယု...
14/03/2022

" စိတ် "

ကျွန်မတို့သက်ရှိလူသား​တွေမှာ မိမိတို့ရဲ့စိတ်က အဓိကကျတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။
အောင်မြင်စေတာလည်း ဒီစိတ် ၊ ဆုတ်ယုတ်စေတာလည်း ဒီစိတ်ကြောင့်ပါပဲရှင်။
ကျွန်မဘဝရဲ့ တစ်စိတ်တစ်ပိုင်းအတွက်တော့
ဝချင်တာလည်း ကိုယ့်စိတ်...
ပိန်ချင်တာလည်း ကိုယ့်စိတ် ဖြစ်ခဲ့ရပါတယ်။

ကျွန်မ ၈တန်း နောက်ပိုင်း စ ဝ လာလိုက်တာ တက္ကသိုလ်တက်တော့လည်း ဝဆဲ
အလုပ်ထဲရောက်ပြန်တော့လည်း ဝမြဲ
အလုပ်မှာ အရမ်းပင်ပန်းသော်လည်း ဝလတ္တံ့ပဲ...

"ဝလိုက်တာ" "ဝတယ်နော်" ...စသဖြင့် အပြောခံရတာတွေ များလာတော့ အပြုံးမပျက် ပြုံးပြခဲ့ရာကနေ လူကွယ်ရာမှာ အငိုစွက်လာခဲ့တော့တာပါပဲရှင်။
ကျွန်မကိုယ့်ကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် နေတယ် ချောင်ချောင်ချိချိလေးတွေဝတ်တယ် အရသာရှိတာလေးတွေ စားသော်လည်း
ပါးစပ်ကတော့ကျွန်မ ပိန်ချင်တယ် ဆိုတာ ဂါထာတစ်ခု လို ရွတ်နေတဲ့သူတစ်ယောက်ပါ...
တဖြည်းဖြည်း ဝိတ်ချမယ့်လမ်းကြောင်းပေါ်တက်လိုက် ၊ ပြန်ပြီးစိတ်အလိုလိုက်မိလိုက်နဲ့ ကျွန်မပါးစပ်ကသာ ပိန်ချင်တယ် ဇွတ်အော်နေတာ ကိုယ့် ပါးစပ်ကိုအလိုလိုက်နေလေတော့ အနည်းငယ်မျှ မဆိုသလောက်လေး ဝိတ်ကျပြီး ဝုန်းကနဲ ပြန်ဝိတ်တက်လိုက် ဖြစ်နေတော့တာပါပဲရှင်...

ဝိတ်ချနည်းမျိုးစုံ စမ်းသပ်ကြည့်တယ်
လမ်းကတော့ လျှောက်တစ်ရက် မလျှောက်တစ်ရက် ( ပျင်းတာလည်း မိမိစိတ်ပါပဲ)
တောင်တက်သွားတဲ့သူတွေနဲ့လည်း လိုက်တယ်
သို့သော် မိမိစိတ်က ငါ တကယ် ဝိတ်ကျရမယ်လို့ ယတိပြတ် မပြတ်သားသရွေ့ ဝိတ်က တုတ်နဲ့ရိုက်ချတောင်မကျခဲ့ပါဘူးရှင်...

နောက်ဆုံး ကျွန်မ ဆုံးဖြတ်လိုက်နိုင်ပါပြီ...
ငါ ဝိတ် ကျ ကို ကျ ရ မယ်...
၂၀၂၀ နှစ်စ မှာ ၁၄၃ပေါင်
၂၀၂၁ နှစ်ကုန်ခါနီးမှာ ၁၀၆ပေါင်အထိ ကျခဲ့ပါတယ်။ ကြည့်ရ အဆင်မပြေလို့ ဝိတ်တက်အောင် ပြန်လုပ်ခဲ့ရပါတယ်။
ကျွန်မက ဝိတ်ကျခက်ခဲပြီး ဝိတ်တက်မြန်လွန်းတဲ့သူပါ။

ထို့နည်းတူစွာပါပဲ ဘယ်အရာမဆို မိမိစိတ်သည်သာအဓိကပါ ။
ကိစ္စတစ်ခုခုကို အောင်မြင်ချင်လျှင် target ထားပြီးကြိုးစားရမှာသည် မိမိကိုယ်တိုင် မိမိစိတ်ဆုံးဖြတ်ချက်နှင့်သာ ရှေ့တက်လှမ်းရမှာဖြစ်တယ်။
ပျင်းရိခြင်းသည်လည်း မိမိ စိတ် နှင့်သာ ဆိုင်လို့
ကိုယ့်ကိုယ် ကို ဆင်ခြင်သုံးသပ် ပြုပြင်နိုင်မှသာ အောင်မြင်ရေး လမ်းကြောင်းတစ်ခုပေါ်သို့ ဦးတည်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်မ ကိုယ်တိုင်လည်း စိတ်ဓာတ်ကျလာလိုက် ပြန်ကောက်တင်လိုက်နဲ့ ၂၀၂၁ ကို ဖြတ်သန်းလာရင်း ကိုယ့်စိတ်ကို ပြန် အားပေးပြီး နေထိုက်လျက်ရှိပါတယ်။

စိတ်(ဆုံးဖြတ်ချက်)ရဲ့ အရေးပါပုံကို ကျွန်မ ရဲ့ အနည်းငယ်သော ဘဝ အစိတ်အပိုင်းလေးဖြင့် ရေးသားဖော်ပြအပ်ပါသည်။
ကျွန်မတို့အားလုံးလည်း မနက်ဖြန်ဆိုတာဘယ်လိုဖြစ်မယ်မှန်းမသိနိုင်၊ ကြိုတင် မမှန်းဆနိုင်​ကြတာမို့ မိမိတို့ အတွက် အရေးပါမည့် အရာတွေကို နှေးကွေးတုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းမွန်တဲ့ စိတ် ဆုံးဖြတ်ချက်များနဲ့ အတူ ရှေ့ဆက် ဖြတ်သန်းကြစို့လားရှင်။

ချစ်တဲ့ အဲမိုသဲ

P.S- ပုံလေးတွေ အောက်မှာ ခုနှစ်သက္ကရာဇ်လေးတွေ ထည့်ပေးထားပါတယ်ရှင့်

➡ မျှော်လင့်ထားသလို ဖြစ်မလာတော့လျှင်(သို့) မျှော်လင့်ချက်က မဖြစ်နိုင်တော့လျှင် ဥပက္ခာတရားနဲ့အတူ ရဲရဲကြီး လွှတ်ချလိုက်ပါ....
11/03/2022

➡ မျှော်လင့်ထားသလို ဖြစ်မလာတော့လျှင်(သို့) မျှော်လင့်ချက်က မဖြစ်နိုင်တော့လျှင် ဥပက္ခာတရားနဲ့အတူ ရဲရဲကြီး လွှတ်ချလိုက်ပါ...
➡ ပထမတော့ သင့်စိတ်ပူလောင်ပါလိမ့်ဦးမယ်...
➡ နောက်တော့ တဖြည်းဖြည်း စိတ်သက်သာရာ ရပါလိမ့်မယ်...
➡ အဆုံးသတ်မှာတော့ အေးချမ်းမှုကို သင်ကိုယ်တိုင် ရှာဖွေတွေ့ရှိပါလိမ့်မယ်...

အဲမိုသဲ

ကိုယ်ချင်းစာတရား စာလုံးလေး၅လုံးတည်းနဲ့ ဖွဲ့စည်းထားတယ်။သို့သော် သူ့အဓိပ္ပါယ်က ခိုင်မာတယ် လေးနက်တယ် ကျစ်လစ်တယ် ။ကိုယ်တိုင်...
11/03/2022

ကိုယ်ချင်းစာတရား
စာလုံးလေး၅လုံးတည်းနဲ့ ဖွဲ့စည်းထားတယ်။
သို့သော် သူ့အဓိပ္ပါယ်က ခိုင်မာတယ် လေးနက်တယ် ကျစ်လစ်တယ် ။
ကိုယ်တိုင်ကျင့်သုံးဖို့ဆိုတာ အပြောလွယ်တယ် လက်တွေ့ခက်တယ် ။
ကိုယ် ကိုယ်တိုင် ကြုံဖူးမှ ကိုယ်ချင်းစာတတ်တယ် ဆိုတာတော့ အသေအချာပါပဲရှင်။
ဥပမာပြောရရင် သိပ်မကြာသေးခင်က အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြတဲ့ မိသားစုတွေ နဲ့ ထပ်တူ ကျွန်မတို့ ဝမ်းနည်းခဲ့ကြတယ်။ fb ပေါ် မှာ post တွေ တက်လာတော့ စုတ်တသတ်သတ်နဲ့ ရင်နာခဲ့ကြရတယ်။ တစ်ချို့ကြတော့ comment လေး ဝင် မန့်ရုံနဲ့ ပြီးသွားကြတယ်။ ကျွန်မအပါအဝင် ထိုသူတို့ရဲ့ ဒုက္ခကို စိတ်မကောင်းခြင်းများစွာဖြစ်ကြရသော်လည်း မတတ်စွမ်းသာတဲ့ အခြေအနေမှာ ရှိနေကြရတယ်။
မိမိကိုယ်တိုင် အသိုက်မပျောက်သရွေ့ ကိုယ်ချင်းစာ တယ်ဆိုတာ မပီပြင်သလိုပဲ ဖြစ်ခဲ့ကြရတယ်။
ဒါက ထင်သာမြင်သာရှိအောင် ဥပမာပေးမိတာပါရှင့်။
အချို့ နေရာများမှာ ကိုယ်ချင်းစာစိတ် ထားကြည့်မိလျှင် ဒေါသဆိုသည့်အရာ ကိုယ့်အနားကို မကပ်နိုင်တော့မှာ အမှန်ပါပဲရှင်။
ထပ်မံ၍ သာဓက ပြုရလျှင် တစ်ခါသားတုန်းက ကျွန်မတပည့်လေးတွေကို မုန့်ကျွေးပြီးနောက် ကိုယ်အသုံးပြုတဲ့ပန်းကန်ကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည် သန့်ရှင်းစေတဲ့ စနစ်ကို လုပ်ခိုင်းရင်း ၇တန်းအရွယ် တပည့်လေးတစ်ယောက်က ဆေးရင်း ဖန်ခွက်ကွဲပါတယ်။ (ထိုကလေးလေးမှာ သူ့အိမ်မှာလည်း မကြာခဏ ပန်းကန်ဆေးရင်းကွဲလေ့ရှိသူဖြစ်တယ်လို့ သူ့အမေပြောပြလို့သိရပါတယ်။ကွဲတိုင်းလည်း အိမ်မှာ တွယ်ခံရတယ်လို့ ထပ်သိရပြန်ပါတယ်။ ) ဒီနေရာမှာ ထိုကလေးကို ဆူနိုင်မယ့် ဆရာမ ရှိကောင်းရှိနိုင်ပါမယ်။ မဆူမယ့်သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ကျွန်မခေါင်းထဲ တန်းဝင်လာတာက ထိုကလေးရဲ့ မျက်နှာနဲ့ သူ့နေရာမှာ ငါသာဆိုလျှင် စိတ် ပဲ ဖြစ်ပါတယ်။ ဘယ်သူကရော ကွဲစေချင်လို့ခွဲမှာလဲ ဒါ မတော်တဆပဲ ဆိုပြီး ကလေးကို သေချာနားလည်အောင် ပြောပြရင်း ဘာပဲလုပ်လုပ် စနစ်တကျလုပ်တတ်အောင် တိကျအောင် သင်ပြပေးလိုက်ပါတယ်။ ထို့နောက် သူမ သတိထားပြီး လုပ်ဆောင်တတ်လာတယ်။ ကွဲသွားတဲ့ ဖန်ခွက်လေး ပြန်ဆက်မရတော့ပေမယ့် ဒေါသစိတ်ရဲ့ ပူလောင်ခြင်းအကျိုးဆက်ကို ကျွန်မ မြည်းစမ်းခွင့်မရတော့တာ အမြတ်ပဲပေါ့ရှင်။
စာဖတ်သူတို့ကို စာတွေရှည်ရင်း တဖြည်းဖြည်း ဆွဲခေါ်လာလိုက်တာ ပြောချင်တဲ့ အကြောင်းအရာ ရောက်လာပါပြီရှင် ☺
ကျွန်မ တစ်ချိန်က ကျွန်မမောင်လေးရဲ့ လက်တွဲဖော်မိန်းကလေးကို ချစ်ချစ်ခင်ခင် ဆက်ဆံဖို့ ပုံဖော်တွေးခဲ့ဖူးတယ် ။
ဘာလို့ ကြိုတွေးခဲ့သလဲ လို့ မေးလျှင် အဖြေ အဆင်သင့်ရှိပြီးသားပါ။ ကျွန်မ မေမေက ယောင်းမ ဆိုးဆိုးတွေနဲ့ ကြုံရလို့ ကျွန်မမောင်လေး ယူမယ့် အမျိုးသမီးလေးကို ကျွန်မရဲ့ ယောင်းမလို့ မသတ်မှတ်ဘဲ ညီမတစ်ယောက်လို ချစ်မယ် စာနာမယ် ဂရုစိုက်မယ် လို့ ဆုံးဖြတ်ထားမိလို့ပါ။ ဒီအတွေးက ကျွန်မ ကိုယ်ချင်းစာစိတ်နဲ့ တွေးမိတဲ့အတွေးပါပဲရှင်။ ကျွန်မမောင်လေး အိမ်ထောင်မကျခင်ကတည်းက ထိုအတွေးကို ကျွန်မလက်တွေ့ကျင့်သုံးပါတယ်။ ကျွန်မယောင်းမဖြစ်လာမယ့် ညီမလေးကို ကျွန်မ ချစ်တယ် ။ သူတို့ ဖူးစာမပါလို့ ဝေးခဲ့ကြရင်တောင် ကျွန်မ ချစ်နေဦးမှာပါ။ အခု ဖူးစာပါလို့ အိမ်ထောင်ရက်သားကျပြန်တော့လည်း ကျွန်မဝမ်းသာမိတာပေါ့ရှင်။ ကျွန်မ ညီမလေးကို သူ့ယောင်းမတစ်ယောက်အနေနဲ့ ကျွန်မမေမေကြုံရသလိုမျိုး နိုင်ထက်စီးနင်း ဘယ်တော့မှမလုပ်ဘူး။ မဆူဘူး နားလည်အောင်ပြောပြပေးတယ်။ သူမလေးကို ကျွန်မ အကောင်းဆုံးဆိုတာတွေပဲပေးချင်တယ် ဖြစ်စေချင်တယ်။ ကျွန်မမေမေဆိုလည်း သူ့သမီးဖို့တစ်ခုဆို သူ့ချွေးမသမီးလေးဖို့တစ်ခု အမြဲတန်းတူစိတ်ထားတယ်။ ချွေးမနဲ့ ယောက္ခမ မတည့်တာတို့ ယောင်းမနဲ့ မတည့်တာတို့ ဘယ်တော့မှမရှိရလေအောင် သူ့နေရာမှာ ငါ သာလျှင်ဆိုတဲ့ စိတ်မျိုး အမြဲတွေးမိပါတယ်။ ဒါဟာ ကိုယ်ချင်းစာစိတ် အခြေခံတဲ့ လူသားဆန်ခြင်းတစ်မျိုးပါပဲ။ ကျွန်မရဲ့တစ်ချို့ကိစ္စတွေ (သူ့အသက်အရွယ်နဲ့လိုက်ဖက်မယ့်အရာတွေ)ဆို ကျွန်မယောင်းမလေးကိုရင်ဖွင့်ပါတယ်။ ဒါဟာဘယ်အရာ မီးမောင်းထိုးပြသလဲဆို ညီမလေးက မကြီးအတွက် အရေးပါတဲ့လူတစ်ဦးဖြစ်တယ်ဆိုတာ တစ်ဖက်တစ်လမ်းကနေ သူမလေးကို သိစေတာ နေရာပေးတာဖြစ်ပါတယ်။ ထို့ပြင် မောင်လေးက သူ့အမျိုးသမီးလေးကို ပိုဦးစားပေး ပိုချစ်ပေးနေရင်ကို မေမေသာမက ကျွန်မတို့သားအဖပါမကျန် ဝန်တိုစိတ်ကင်းပြီး အရမ်းကိုကျေနပ်ပီတိဖြစ်နေရတော့တာပါပဲ။ စိတ်ဆိုတာထားတတ်ဖို့အရေးကြီးပါတယ်ရှင်။
ဘယ်လိုပဲ စိတ်အခန့်မသင့်ဖြစ်ကြရင်တောင် မေတ္တာ တရားအခြေခံတဲ့ ကိုယ်ချင်းစာစိတ်လေးကို တွေးမိရင် လက်တွေ့ကျင့်ကြံနေထိုင်သွားမယ်ဆိုရင် စိတ်ပူလောင်ခြင်း စိတ်သောကရောက်ခြင်းများကို အဝေးမှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး အသိ နဲ့ သတိ ဆင်ခြင်ရင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေရှင်။

ချစ်တဲ့ အဲမိုသဲ

PS-ကိတ်ပုံလေးက မနေ့က ကျွန်မညီမမွေးနေ့မို့ အမှတ်တရ အနေနဲ့ သေချာစီစဥ်ပေးထားတာပါ
ကိတ်ပုံလေးကိုကြည့်ရင် ကျွန်မရဲ့ သူမအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာများကို ခံစားနိုင်ပါစေ။
ဒုတိယပုံလေးက ကျွန်မယောင်းမလေးနဲ့ သူမရဲ့ညီမလေးပါ။
တတိယပုံလေးက ကျွန်မတို့မိသားစုက သူမကိုသာမက သူမရဲ့ညီမလေးပါ မေတ္တာအပြည့်ပေးကြတယ် ချစ်ကြတယ် ဆိုတဲ့ အဓိပ္ပါယ်လေးပါရှင်။
ပုံလေးတွေကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။

09/03/2022

မင်္ဂလာပါ...
ကျွန်မသည် စာရေးခြင်းကို အင်မတန် နှစ်သက်တဲ့အတွက်ကြောင့် ကဗျာတို စာတိုလေးတွေ စုစည်း ရေးသားဖော်ပြချင်၍ ဒီ page လေး ဖန်တီးရခြင်းဖြစ်ပါတယ်။
ကျွန်မ ရင်ထဲ နှလုံးသားထဲက မွေးထုတ်လိုက်မယ့် စာစုလေးတွေ ဖတ်ရင်း စိတ်အပန်းပြေ နိုင်ကြပါစေရှင်။
Page လေးကို အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

ကျွန်မအား ကျွန်မအင် ထိုသမီးပင်အေးအတူ ပူအမျှ တူတကွဖေးမလို့ကူ လက်တွဲယူစာနာထောက်ထား ထိုသမီးအားချစ်လို့မဝ ထာဝရအတွေးနယ်နိမိတ်...
09/03/2022

ကျွန်မအား ကျွန်မအင် ထိုသမီးပင်
အေးအတူ ပူအမျှ တူတကွ
ဖေးမလို့ကူ လက်တွဲယူ
စာနာထောက်ထား ထိုသမီးအား
ချစ်လို့မဝ ထာဝရ
အတွေးနယ်နိမိတ် ကျယ်ပြန့်လိမ့်
ကြည်နူးမဆုံး တသက်လုံး
မိဘအတွက် ထီးလိုလူ
အားကိုးအားထား ပြုရသူ
ကျွန်မသမီး ကျွန်မထီး
မေတ္တာကြီးမား သူမကား
ငယ်သူတိုင်းက စံပြထား
အစဥ် ငြိမ်းချမ်းရစေသား ။

အဲမိုသဲ

ထီးနှင့်တူသော သမီးလေးအတွက် ခံစားရေးဖွဲ့သည်။
လိုအပ်ချက်များရှိပါက နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

Address

17th Street, Btwn 27th St× 28th St , Shwe Min Won Quarter
Sagaing

Telephone

+959798735473

Website

Alerts

Be the first to know and let us send you an email when Aell Mo Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aell Mo Thae:

Share

Category