29/06/2023
https://m.facebook.com/100083370365382/posts/240998875355790/?device_id=72a69114-e402-4324-b665-ff6d00672dcd&wtsid=rdr_0FwzssjumSUoIpvYR
ရှစ်မည်ရမြို့လေးတစ်မြို့
ငယ်ငယ်က အတန်းထဲမှာ သမိုင်းသင်တဲ့အချိန်တွေဆို အလောင်းမင်းတရားကြီးရဲ့ (ရန်ကြီးအောင်/ ကုန်းဘောင်/ ရွှေဘို/ မုဆိုးဘို/ ရတနာသိခ်) စတဲ့ ငါးမည်ရ ပြည်ရွှေဘိုအကြောင်းက မပါမဖြစ် ဂုဏ်ယူရတဲ့သမိုင်းကြောင်းအကြောင်းကို ဖတ်ရတိုင်း သင်ရတိုင်း ကိုယ်ချစ်တဲ့မြို့လေးကိုလည်း ဂုဏ်ပုဒ်လေးတွေ ဂုဏ်ယူချင်စရာတွေ တိုးချင်ခဲ့တာငယ်သေးတဲ့အရွယ်ထဲကပါ….။ ပထမဆုံး ရေဒီယိုကနေ စိုင်းထီးဆိုင်ရဲ့ မေမြို့မိုး သီချင်းကြားတော့ သူငယ်တန်းအရွယ်ထဲက မသိစိတ်ကနေ ဂုဏ်ယူနေတာ မေမြို့ (သို့) ပြင်ဦးလွင်ဆိုပြီးတော့…။ နောက်တော့ တောင်လှေကားသီချင်းလေး ကြားရပြန်တော့ကာ ဂုဏ်ပုဒ် နှစ်ခု အပြင် နောက်ဂုဏ်ပုဒ်တစ်ခု ရှိပါလားဆိုတာ ခေါင်းထဲ သံမှိုရိုက်လိုက်သလို စွဲမှတ်ထားမိတာ အလယ်တန်းလောက်ကပါ….။ ဒီလိုနဲ့ နှင်းမှုန်မြို့တော်ရယ်ဆိုတဲ့ နာမည်တစ်ခုကို မေမြို့လာဧည့်သည်တွေဆီကနေ သမုတ်လာတော့ ငယ်တုန်းက မေမြို့ဆိုတာက ယခုလို မဟုတ်ပဲ အမြဲအေး အမြဲနှင်းတွေမြူတွေအုံ့ဆိုင်းနေတာ နှင်းမှုန်မြို့တော်လို့ ခေါ်ဝေါ်ခြင်းကလည်း မလွန်ပါဘူးဆိုပြီး ဖြေသိမ့်ရပြန်တာပေါ့...။ ကျောင်းပြီးတော့ အသက်လေးရလာပြန်ချိန် ပန်းပွဲတော်တွေနဲ့ ကြက်ပျံမကျစည်ကားတဲ့အချိန်တွေဖြတ်သန်းရင်း ဧည့်သည့်တွေကပဲ ရင်ထဲကနေအန်ထွက်လာတဲ့အသံက ပန်းမြို့တော်တဲ့…။ ထိုနာမည်တွေကို မြို့ခံတွေက မစဉ်းစားရဘဲ မေမြို့ကိုချစ်တဲ့သူတွေကပဲ ရင်ထဲအသည်းထဲကနေ သမုတ်ကျတာ ပေးကျတာဆိုတာ မလွန်ပါဘူး...။ 12 လပိုင်း အကုန်ရောက်တိုင်း တစ်မြို့လုံး ပန်းရောင်တွေ ပြည့်နေအောင်ပွင့်တဲ့ချယ်ရီပင်တွေကို မြင်နေကျမြို့ခံတွေက မထူးဆန်းပေမယ့် ချယ်ရီချစ်သူတွေကြောင့် မောင်တို့ချယ်ရီမြေလို့ တင်စားတာနဲ့ ပြောတာနဲ့ မေမြို့လေးကိုပဲမျက်စိထဲ ပြေးမြင်သွားရတော့တာပါပဲ။ နောက်ထပ် ကောင်းကင်ကြီးအပြာနုနုကြီးအောက် အပြာရင့်ရင့်တွေ ပြွတ်ခဲနေအောင် ပွင့်တဲ့အပင်ကြီးတွေမြို့၀င်ထဲက မြို့အထွက်ထိ ပွင့်တဲ့အချိန်ကျတော့ စိန်ပန်းပြာမြို့လို့ ချစ်တဲ့သူတွေရဲ့တင်စားခြင်းကို မယုတ်မလွန်ပဲ ဂုဏ်တစ်ခုအနေနဲ့ လက်ခံမိရပါတော့တယ်...။ နောက်တစ်ခုကတော့ဗိုလ်ဆန်ဆန် မေမြို့မှာမွေးတဲ့သူက England မှာမွေးတဲ့အဆင့်ရခဲ့တဲ့သမိုင်းကြောင်းနဲ့ Second England လို့လည်း ရှေ့မှီနောက္မှီတွေက ခေါ်ကျတဲ့ ချစ်စရာနာမည်လေးတစ်ခုကလည်း ရှိနေပါသေးတယ်...။
ဒီလိုနဲ့ ပန်းမြို့တော်လို့ပြောလိုက်တာနဲ့ …တောင်လှေကားမြို့တော်လို့ပြောလိုက်တာနဲ့ ..နှင်းမှုန်မြို့တော်လို့ပြောလိုက်တာနဲ့ …ချယ်ရီမြို့တော်လို့ပြောလိုက်တာနဲ့ ..စိန်ပန်းပြာမြို့လို့ပြောလိုက်တာနဲ့....second england လို့ပြောလိုက်တာနဲ့....
မေမြို့ သို့မဟုတ် ပြင်ဦးလွင်ကိုဘဲ ရည်ညွှန်းတယ်ဆိုတာ မပိုလွန်းဘူးလို့ထင်ပါတယ်….။