11/09/2026
#ဆားတောင်ဆရာတော်ကြီး
#ပြင်းပြင်းထန်ထန်အားထုတ်ကြ
၁။ တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့် နိုးထခြင်း၊ တရားနှင့် မွေ့လျော်ခြင်း ဒါ အပ္ပမာဒတရားပဲ။
၂။ တောထဲလွှတ်ကျောင်းထားတဲ့ နွားတွေဟာ နေ့တိုင်း ဒီစားကျက်ပဲ စားနေကြတာပဲ။ စားစရာ မရှိဘူး ထင်ရပေမဲ့ ကိုက်ပါများတော့လည်း ဗိုက်ပြည့်တာပဲ။
တရားဆိုတာလည်း ဒီအတိုင်းပါပဲ။ ဒီခန္ဓာပဲ နေ့စဉ် ရှုမှတ်နေရမှာပဲ။
၃။ ဘာမဆို အတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ်လောက်ပူပူ အတွင်းက အေးနေတော့ အေးတာပဲ။
အပြင်က ဘယ်လောက်အေးအေး အတွင်းက ပူတော့လည်း ပူတာပဲ။
၄။ အားကိုး မမှားစေနဲ့၊ မိမိကိုယ်ကို အားကိုးရမယ်။
၅။ ခန္ဓာရှိသရွေ့ အမြဲတမ်း ဆင်းရဲနေမှာပဲ၊ ဆင်းရဲတွင်းက လွတ်ဖို့ တရားအားထုတ်ပါ ဆိုတော့ မထုတ်ချင်ကြဘူး။
၆။ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။
အားထုတ်ခွင့်ကြုံတုန်း အားထုတ်ထားကြ၊ သာသနာပပြီဆိုတော့ ဝိပဿနာနှင့် တွေ့ရမှာ မဟုတ်ဘူး၊ ဒီတော့ ပိုနစ်နာတယ်။
၇။ သစ်ရိပ်ဝါးရိပ်ထက် မိဘရိပ်ကအေးတယ်။ မိဘရိပ်ထက် ဘုရားရိပ်၊ တရားရိပ်၊ ဆရာ့အရိပ်က အေးတယ်။
အေးတဲ့နေရာကျတော့ လူတွေ မရှိကြဘူး။
ပူမှာပေါ့ ပူတဲ့နေရာ နေကြတာကိုး၊ ပူမှာပေါ့ ပူတာ ရှုနေကြတာကိုး။
၈။ တရားအားထုတ်တယ်ဆိုတာ အားနဲ့, မာန်နဲ့ ထုတ်ရတယ်။
မသေချာ၊မရေရာတဲ့ အလုပ်တွေတောင်မှ ဟုတ်နိုးနိုး, တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျား လုပ်နေတာပဲ။
သေချာ၊ ရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာ ရှိသလဲ။
ဆင်းရဲ တစ်ဘဝပေါ့၊ တစ်ဘဝတောင်မှ ခဏလေးပါ။
၉။ ကိုယ့်ခန္ဓာ ကိုယ်ရှု၊ သူများအပြစ် သွားရှုမနေနဲ့၊ သူများအပြစ် ရှုတော့ အမှုပွေတာပေါ့။
၁၀။ ဝိပဿနာတရားဆိုတာ စွန်လွှတ်တဲ့ တရား။ လောဘ၊ ဒေါသ၊ မောဟ တို့ကို ကျွတ်လွတ်အောင် စွန့်လွှတ်နေတာ။
ဒီတော့ ပြင်းပြင်းထန်ထန် အားထုတ်ကြ၊ တုံး တိုက်တိုက်၊ ကျား ကိုက်ကိုက် နောက်မဆုတ်တမ်း အားထုတ်ကြ။
( ဆားတောင်ဆရာတော်ဘုရားကြီး )
Credit