11/12/2025
■ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူများထဲတွင် ဆေးကုသနေသည့် မွတ်ဆလင် အနည်းဆုံး ၃ ဦးထက်မနည်း ပါဝင်
အာဏာသိမ်း စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီကျော်အချိန်တွင် ရှေးဟောင်းမြောက်မြို့တော်မှ ပြည်သူ့ဆေးရုံကြီးကို လေကြောင်းဗုံးကြဲတိုက််ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေသော လူနာစောင့်များ၊ လူနာများနှင့် ဆေးရုံဝန်ထမ်း အများအပြား အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရသည်။
လတ်တလော မြေပြင်စာရင်းအရ သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇၆ ဦးအထိ ရှိလာနေပြီး နောက်ထပ် ရှာဖွေမှုများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသော စာရေးဆရာလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ကိုဝေဟင်အောင်က ပြောသည်။
"သေဆုံးသူ ၃၃ ဦး ရုပ်အလောင်းတွေကို ရှာတွေ့ထားတယ်ဗျာ။ ဒဏ်ရာရတာက ၇၆ ဦးရှိတယ်ဗျာ။ သေဆုံးသွားတဲ့ သူတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေး ၁ ယောက်ပါပါတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ ဆေးကုနေတဲ့ မွတ်ဆလင်တွေလည်း သေဆုံးသွားပါတယ်။ ခန္ဓာကိုယ်တွေ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးသွားကြတာဆိုတော့ လောလောဆယ်တွေ့တာက မွတ်ဆလင် အမျိုးသား ၂ ဦးတွေ့ရတယ်။ အမျိုးသမီး ၁ ဦးလည်း တွေ့ရတယ်။ မျက်နှာတွေ၊ ဦးခေါင်းတွေ ရစရာမရှိအောင် ပွင့်ထွက်သွားတော့ မွတ်ဆလင် ဘယ်နှစ်ဦးပါတယ်ဆိုတာ တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများ ဆေးကုသရာ ပြည်သူ့ဆေးရုံကြီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းသည် အဆိုးရွားဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သော လုပ်ရပ်သာ ဖြစ်သည်ဟု ကိုဝေဟင်အောင်က ဆက်လက်ပြောသည်။
"အကြမ်းဖက် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်တာက ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပါတယ်။ မနေ့ကဆို လူ့အခွင့်အရေးနေ့ဖြစ်တယ်။ လူ့အခွင့်အရေးကို ပေါ်တင် ချိုးဖောက်တာဖြစ်တယ်။ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်ပါတယ်။ ဒါက ဆေးရုံဖြစ်တယ်။ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို တားဆီးပေးဖို့ လိုအပ်ပါတယ်” ဟု တောင်းဆိုထားသည်။
အာဏာသိမ်း စစ်ကောင်စီသည် ယခင်ကလည်း ရခိုင်ပြည်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူများကိုသာ ဦးတည်ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ #ရခိုင်ပြည်