09/08/2022
ဗျာလ (ခေါ် ) သတ္တဝါ ( ၉ )မျိုးတို့၏ ရုပ်သွင် ပေါင်းစပ် ထားသော
နဝရူပ လာဘ်ဆောင် ဗျာလ
-------------------------------------------------------
ကမ္ဘာဦးကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၎င်းတို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများရှိခဲ့ကြသည်၊ အလားတူပင် ရခိုင် လူမျိုး ၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုတစ်ခု ရှိခဲ့သည်၊ သို့ရာ တွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူအများစုက မသိကြသေးသူ အများအပြားပင် ရှိကြသည်၊
၎င်းကို ရှေ့ဟောင်းစေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှေးဟောင်းလက်ရာ အမွီအနှစ်အဖြစ် တွေ့နိုင်ပါသည်၊
ယင်း သတ္တဝါကို ရခိုင် လူမျိုးတို့က “ဗျာလ” ဟုခေါ်ဆို ကြသည်၊ အဆိုပါ သတ္တဝါမှာ ရခိုင်လူမျိုးတို့၏ ရှေ့ရိုးစဉ်ဆက် တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တဝါဖြစ်သည်၊ ၎င်း ‘ဗျာလ’ ကို သတ္တဝါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင်ရှိသော သတ္တဝါတို့၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်၍ အဆောင်အယောင်အဖြစ် ထုလုပ်ဆောင်ထား ခဲ့ကြသည်၊
ယင်းသို့ သတ္တဝါ ကိုးမျိုး၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားခြင်းကြောင့် ‘နဝရူပ ဗျာလ’ ဟုလည်း ခေါ်သည်၊
အဆိုပါ ‘နဝ ရူပ ဗျာလ’ ရုပ်တွင် ပါရှိသော သတ္တဝါ ကိုးမျိုး၏ အစိတ်အပိုင်း များမှာ
၁ ၊ ခြင်္သေ့၏ (လည်ဆံ၊ ဦးခေါင်း၊ ခြေလက်)၊
၂ ၊ ဆင်၏ နှာမောင်း၊
၃ ၊ သမင်၏ မျက်လုံး
၄ ၊ မြင်း၏ နားရွက်
၅ ၊ ကြက်တူရွေး (ကျီး) ၏ လျှာ
၆ ၊ စာမရီငှက်၏ အမြီး။
၇ ၊ ကျား၏ အစွယ် ( ပါးစပ် )
၈ ၊ ကြံ့၏ ဦးချို
၉ ၊ ခြူး၏ ကိုယ်ထည် (ငါးကြင်းကွက်) တို့ဖြစ်သည်၊
ထိုကဲ့သို့ ထူးခြားသော စွမ်းအင်ရှိသော အစိတ်အပိုင်းများကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ်ထားခြင်းမှာလည်း ဗျာလ သတ္တဝါ၏ ထူးခြားမှုကို ရည် ညွှန်း ထားသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ထားခြင်း ဖြစ်ပါသည်၊
ဗျာလတွင်ပါသော အစိတ်အပိုင်းများ အနက် ကြက်တူရွေး (ကျီး) လျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်း ကောင်း ၊ စာမရီ ( ဒေါင်း )ငှက်၏ အမြီးသည် လှပတင့်တယ်ခြင်းကို လည်းကောင်း ၊ မြင်း၏ နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်းကိုလည်းကောင်း ၊ သမင်၏မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း ၊ (ခြူး) ၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို လည်းကောင်း ၊ ကြံ့၏ဦးချို ၊ ကျား၏ အစွယ်၊ ခြင်္သေ့၏ လက်ဖဝါး၊ ဆင်၏ နှာမောင်း တို့သည် စွမ်းအင် ကြီးမားခြင်း တို့ကိုလည်းကောင်း အသီးသီး ကိုယ်စားပြုကြပါသည်၊
အဆိုပါ သတ္တဝါ ကိုးမျိုးတို့၏ အစိတ်အပိုင်းဖြင့် တန်ဆာဆင်အပ်သော သတ္တဝါ ရုပ်ထုအား ဆောင်ထားခြင်းဖြင့် “ အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စေဘဲ၊ လာဘော - လာဘ် လာဘ ကို ဖြစ်စေတတ်၏ “ ဟု လာဘ်ဆောင် ရုပ်အင်္ဂါ အဖြစ် ရခိုင်လူမျိုးတို့က ယုံကြည်ထားကြသည်၊
ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက အဆောက်အအုံ များတွင် စတင် တွေ့ရှိ ရသည်၊ ၎င်းထက် ရှေးကျသော ရုပ်ထုများလည်း ရှိကောင်းရှိနိုင်ပါ၏၊ မင်္ဂလာ အခမ်းအနားများ၌ သုံးစွဲသော အသုံးအဆောင် ပစ္စည်းများတွင် အနည်း ငယ်တွေ့ရှိရသည်၊
ရခိုင်လူမျိုးတို့၏ ရှေးဟောင်း အထိမ်းအမှတ် တစ်ခုဖြစ်သော ‘နဝရူပ ဗျာလ’ ရုပ်ထုကို ကျောင်းကန်၊ ဇေတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော အဆောက် အဦး များတွင် လည်ကောင်း၊ စွမ်းအင်ကိုးမျိုး ပေါင်းစု ထားသော
အစောင့်အရှောက် လာဘ်ဆောင် ရုပ်ထု အဖြစ်၎င်း ဆောင်ထားလေ့ ရှိကြပါ သည် ၊
crd ;