12/07/2026
ချောက်မြို့နယ်တွင် စစ်ကောင်စီတပ်က PDF အသွင်ယူ စီးနင်းမှုကြောင့် တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံး
၁၂ ဇူလိုင် ၂၀၂၆
မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က PDF အသွင်ယူကာ အနီးကပ် ဝင်ရောက်စီးနင်းခဲ့သဖြင့် တော်လှန်ရေးရဲဘော် ၂၀ ဦး ထိခိုက်ကျဆုံးခဲ့ရကြောင်း သိရသည်။
ဇူလိုင်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ချောက်မြို့နယ်၊ တောင်သာ ကျေးရွာနှင့် စမ်းကန်ကျေးရွာအနီးရှိ မကွေးခရိုင် အမှတ် ၃ တပ်ရင်း စုဖွဲ့မှုနယ်မြေအတွင်း အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း သတင်းရင်းမြစ်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များ ဝတ်ဆင်ကာ ဦးထုပ် (Helmet) နှင့် စစ်အသုံးအဆောင်အချို့ကိုသာ ဆင်ယင်ပြီး PDF ရဲဘော်များအသွင်ဖြင့် ချဉ်းကပ်လာခြင်းဖြစ်သည်။
စခန်းရှိ ရဲဘော်များက ၎င်းတို့အား မဟာမိတ်တပ်ဖွဲ့ဟု ထင်မှတ်ကာ လက်ပြနှုတ်ဆက်ခဲ့ရာမှ အနီးကပ် လှည့်ဖြားစီးနင်းမှုကို ခံလိုက်ရခြင်းဖြစ်သည်။
ယင်းသို့ ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် PDF ရဲဘော် ၃ ဦး နေရာတွင်ပင် ကျဆုံးခဲ့ပြီး ၁၇ ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ဖမ်းဆီးခံရသူများအနက် ၂ ဦးသာ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့သည်။
စစ်ကောင်စီတပ်သည် ဖမ်းဆီးသွားသည့် ရဲဘော်များကို တောင်သာ (တောင်) ကျေးရွာ စာသင်ကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ၎င်းတို့၏ အသက်အန္တရာယ်ကို ရန်ရှာခဲ့ခြင်း ဖြစ်သည်။ ကျဆုံးသွားသူများတွင် ပြင်းထန်ဒဏ်ရာများ ရရှိထားကြောင်း တွေ့ရှိရသည်။
ကျဆုံးသွားသည့် ရဲဘော် ၂၀ ဦးမှာ -
၁။မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ ၁၃ ဦး
၂။ မကွေးခရိုင် အမှတ် ၁ တပ်ရင်းမှ ၁ ဦး
၃။ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ၆ ဦး တို့ ဖြစ်ကြသည်။
စစ်ကောင်စီဘက်က ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ဖြစ်စဉ်နှင့် ပတ်သက်သည့် ဓာတ်ပုံများကို ထုတ်ပြန်လာပြီးနောက်တွင်မှ အဆိုပါအခြေအနေကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် တောင်သာကျေးရွာ၌ ဆက်လက်တပ်စွဲထားပြီး စစ်ကြောင်းထိုးနေသဖြင့် နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ထို့ကြောင့် ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများကို ယနေ့တိုင် ပြန်လည်ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
သတင်း - ရွှေမို