09/09/2026
❗"တိုက်ခန်း အခွန်ကိစ္စ အကျဉ်းချုပ်"
အခုတလော တိုက်ခန်းအရောင်းအဝယ်ကိစ္စမှာ အခွန်ဆောင်ရမယ်ဆိုတာနဲ့ပတ်သက်လို့ တော်တော်လေး လူပြောများနေတာကိုတွေ့ရပါတယ်။ ဒီတော့ တိုက်ခန်းလို အခြေပစ္စည်းအရောင်းအဝယ်နဲ့ပတ်သက်လို့ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုတာကို ကြည့်ရအောင်ပါ။
🍁 (၁) ဝယ်ယူသူများအတွက် (ဝင်ငွေခွန်)
အခြေပစ္စည်းတစ်ခုခုကိုဝယ်ယူရာမှာ အသုံးပြုတဲ့ဝင်ငွေအတွက် ဝင်ငွေရလမ်း အတိအကျပြသနိုင်ရင် ဝင်ငွေခွန် ထမ်းဆောင်ဖို့ မလိုပါဘူး။ (ပုဒ်မ ၂၅၊ ပုဒ်မခွဲ က)။
🍁 ဒါပေမယ့် အသုံးပြုတဲ့ဝင်ငွေထဲမှာ ဝင်ငွေရလမ်းမပြသနိုင်တဲ့ (စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့) ဝင်ငွေတွေ ပါဝင်နေမယ်ဆိုရင်တော့ အဲဒီဝင်ငွေအပေါ်မှာ ပုဒ်မ ၂၅ (က) အရ အောက်ပါအတိုင်း ဝင်ငွေခွန်ပေးဆောင်ရပါမယ်။
- ကျပ် ၁ မှ ၃၀၀,၀၀၀,၀၀၀ အထိဖြစ်ပါက ၃%
- ကျပ် ၃၀၀,၀၀၀,၀၀၁ မှ ၆၀၀,၀၀၀,၀၀၀ အထိ ၅ %
- ကျပ် ၆၀၀,၀၀၀,၀၀၁ မှ ၁,၀၀၀,၀၀၀,၀၀၀ အထိ ၁၀%
- ကျပ် ၁,၀၀၀,၀၀၀,၀၀၁ မှ ၃,၀၀၀,၀၀၀,၀၀၀ အထိ ၁၅%
- ကျပ် ၃,၀၀၀,၀၀၀,၀၀၁ နှင့်အထက် ၃၀%
🍁 (၂) ရောင်းချသူများအတွက် (မြတ်စွန်းငွေခွန်)
တိုက်ခန်းရောင်းချတာ၊ လဲလှယ်တာ ဒါမှမဟုတ် လွှဲပြောင်းမှုကနေ မြတ်စွန်းငွေရရှိခဲ့မယ်ဆိုရင် အဲဒီမြတ်စွန်းငွေအပေါ်မှာ ပုဒ်မ ၂၇ (ခ) အရ ၁၀% ဝင်ငွေခွန် စည်းကြပ်ခံရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ချွင်းချက်အနေနဲ့ ပုဒ်မ ၂၈ အရ နှစ်တစ်နှစ်အတွင်းရောင်းချတဲ့ အခြေပစ္စည်းရဲ့ တန်ဖိုးစုစုပေါင်းဟာ ကျပ်သိန်း ၁၀၀ ထက် မပိုခဲ့ဘူးဆိုရင်တော့ မြတ်စွန်းငွေပေါ်ပေါက်စေကာမူ ဝင်ငွေခွန် မကျသင့်ပါဘူး။
🍁 (၃) ဆောက်လုပ်ရောင်းချသူများအတွက် (ကုန်သွယ်လုပ်ငန်းခွန်)
ကန်ထရိုက်တိုက်လိုမျိုး အခြေခံအဆောက်အအုံတွေကို နိုင်ငံပိုင်မြေ၊ ပုဂ္ဂလိကပိုင်မြေမှာဖြစ်စေ၊ မြေရှင်နဲ့ အကျိုးတူပူးပေါင်းလို့ဖြစ်စေ တည်ဆောက်ပြုပြင်ရောင်းချတာမျိုးဆိုရင်တော့ ပုဒ်မ ၁၄ (ဆ) အရ ရောင်းရငွေအပေါ်မှာ ၃% ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မှာဖြစ်ပါတယ်။
🍁 (၄) အခန်းငှားရမ်းသူများအတွက် (ဝင်ငွေခွန်)
တကယ်လို့ တိုက်ခန်းကို ပြန်လည်ငှားရမ်းမယ်ဆိုရင်တော့ ပုဒ်မ ၁၉ (ဃ) အရ ငှားရမ်းခရငွေအပေါ် သက်သာခွင့်တွေ နုတ်ပယ်ပြီး ကျန်တဲ့ဝင်ငွေအပေါ် ၁၀% သီးခြား ဝင်ငွေခွန် စည်းကြပ်မှာဖြစ်ပါတယ်။
🍁 (၅) ဒီအခွန်ဥပဒေက အခုမှပြဋ္ဌာန်းတာလား
ဒီလိုအခွန်ဆောင်ရမယ်ဆိုတာ နိုင်ငံတော်က နှစ်အလိုက်ထုတ်ပြန်နေတဲ့ ပြည်ထောင်စု အကောက်အခွန်ဥပဒေမှာ ပြဌာန်းလေ့ရှိတာပါ။ အခုမှ ရုတ်တရက်ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လွှတ်တော်မှာ တိုက်ခန်းအခွန်ကိစ္စထည့်ပြောလို့သာ အခွန်ကိစ္စက ဟိုးလေးတကျော်ဖြစ်လာတာပါ။ တကယ်တော့ တိုက်ခန်းရောင်းတာ၊ ဝယ်တာ၊ ငှားတာ၊ ကန်ထရိုက်တိုက်ဆောက်တာတွေအတွက် အခွန်ဆောင်ရမယ်ဆိုတာ ဟိုးအရင်ကတည်းက နှစ်စဉ်ပြဋ္ဌာန်းလာတဲ့ ပြန်ဋ္ဌာန်းချက်တစ်ခုသာဖြစ်ပါတယ်။
(အောက်ကပုံကတော့ ၂၀၁၉-၂၀၂၀ ခုနှစ်က ရန်ကုန်မြို့က လူနေတိုက်ခန်းတွေအတွက် သတ်မှတ်ခဲ့တဲ့ အခွန်စည်းကြပ်နှုန်းထားတွေဖြစ်ပါတယ်။ အခုနှစ်မှာလည်း အခွန်ဆောင်ရမဲ့သတ်မှတ်နှုန်းထားတွေရှိပါတယ်။)
~~~
#တိုက်ခန်း #ဥပဒေရေးရာ
#အိမ်ခြံမြေ #အိမ်ခြံမြေအကျိုးဆောင်