12/12/2025
အိမ်၊ခြံ ၊မြေ ၊တိုက်ခန်း တစ်ခုခုကိုဝယ်မယ်ဆိုရင်မူလပိုင်ဆိုင်မှုစာချုပ်မှာ ခင်ပွန်းဖြစ်စေ၊ဇနီးဖြစ်စေ တစ်ဦးတည်းအမည်ပေါက်ဖြစ်နေပေမဲ့ ဝယ်သူအနေနဲ့ ဇနီး ခင်ပွန်းနှစ်ဦးစလုံးကို ရောင်းလက်မှတ်ထိုးခိုင်းဖို့လိုပါတယ်၊ စာချုပ်မှာမပါတဲ့ဇနီး (သို့) ခင်ပွန်းကို ရောင်းသူနေရာမထည့်ရင်တောင် သက်သေအဖြစ် မဖြစ်မနေလက်မှတ်ထိုးခိုင်းရပါတယ်။
ခင်ပွန်းအမည်ပေါက်မို့ဇနီးမလိုဘူး၊ဇနီးအမည်ပေါက်မို့ခင်ပွန်းမလိုဘူးဆိုပြီး အလွယ်လုပ်လို့မရပါဘူး။
တစ်ချိန်မှာရှုပ်ထွေးမှုတွေဖြစ်လာရင် ဝယ်သူပဲနစ်နာရမှာဖြစ်ပါတယ်။
( မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ)
လင်မယားနှစ်ဦးသည် အတူပိုင်ရှင်အဖြစ် အခွင့် အရေးအညီအမျှရရှိကြသည်။
လင်နှင့်မယားတို့သည်မိမိတို့နှစ်ဦးပိုင် ပစ္စည်းကို နှစ်ဦးသဘောတူညီလျှင်ရောင်းချခြင်း၊ ပေါင်နှံခြင်း၊လွှဲပြောင်းခြင်းစသည်တို့ကိုပြုလုပ်ခွင့်ရှိသည်။ လင်ကဖြစ်စေ မယားကဖြစ်စေ၎င်း၏ နှစ်ဦးပိုင်ပစ္စည်းကိုလွှဲပြောင်းရောင်းချလျင် သဘောတူညီသည့်အထောက်အထားရှိရမည်ဖြစ်သည်။
သို့ရာတွင် လင်မယားနှစ်ဦးအနက်တစ်ဦးသည်ကျန်တစ်ဦး၏ သဘောတူညီချက် မရရှိလျှင် နှစ်ဦးပိုင်ပစ္စည်းမှ ထိုသဘောမတူသူ၏အကျိုးခံစားခွင့်ကိုလွှဲပြောင်း ရောင်းချခြင်းမပြုနိုင်ပေ။
ဒေါက်တာဦးတင်ဦး(၎င်း၏ကိုယ်စားလှယ်စာရသူ ဦးကျော်ကျော်)နှင့် ဒေါ်အေးအေးသန်း
၂၀၀၅ ခုနှစ် ၊ မတစ စာ ၅၂ တွင်
လင်မယားနှစ်ဦး အတူပိုင်ဆိုင်သော မြေကွက်ကို မယားဖြစ်သူက သူတစ်စိမ်းအားမှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရောင်းချခဲ့ရာ မယားဖြစ်သူ၏ ဝေစုသာအတည်ဖြစ်ပြီးခင်ပွန်းဖြစ်သူ၏ ဝေစုအတည်မဖြစ်သော အခြေအနေတွင် ခင်ပွန်းဖြစ်သူနှင့်မြေကွက်ဝယ်ယူထားသူတို့သည် မြေကွက်ကို ထက်ဝက်စီသာ ပိုင်ဆိုင်ခွင့်ရှိကြောင်းနှင့် မြေကွက်ဝယ်ယူထားသူအပေါ် ခင်ပွန်းဖြစ်သူက အတည်မဖြစ်သော ၎င်း၏ ဝေစုအတွက်ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုပိုင်ခွင့်ရှိကြောင်း။ ဆုံးဖြတ်ထားပါတယ်။
ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဘာသာဓလေ့ထုံးတမ်းများအရ ကွာခြားမှုများလည်းရှိပါသည်။
ထို့ကြောင့် အိမ်ခြံမြေတွေ ဝယ်ယူတဲ့နေရာမှာ
ရှေ့နေရှေ့ရပ်တွေက သေချာစစ်ဆေးတယ်
သန်းခေါင်စာရင်းတွေတောင်းတယ် သက်သေအဖြစ်
လင်မယားတွေကိုလက်မှတ်ထိုးခိုင်းတယ် ၊အဝေးရောက်နေရင် VCခေါ်ပြီးမှတ်တမ်းယူတယ် ၊သေဆုံးရင် သေစာရင်းတောင်းတယ်၊ကွဲကွာသွားရင်စာချုပ်တေ တောင်းဆိုသည်မှာ အထက်ပါကိစ္စရပ်တွေနောင်မဖြစ်လာစေရန်ကာကွယ်ပေးခြင်းသာဖြစ်ပါသည်။
ရှေ့နေပါလာလျင် ရစ်သည်ဟုမမြင်စေချင်ပါ။
ပွဲပျက်သည်ဟုလည်းမမြင်စေချင်ပါ။
ချစ်သောမိတ်ဆွေများအားလုံးအမှုအခင်းတွေကင်းလို့
အရှုပ်အရှင်းကင်းတဲ့ အိမ်ခြံမြေတွေ သာဝယ်ယူပိုင်ဆိုင်နိုင်ကြပါစေ။
Crd...