28/09/2020
Fortune Plaza Expo ခန်းမကို ကိုဗစ်လူနာ (၁,၀၀၀) အထိ ထားရှိနိုင်မယ့် Fortune Covid Centre ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ လှူဒါန်း
------------------------------------
ရန်ကုန်၊ စက်တင်ဘာ၂၈ ရက်။ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ရှိတဲ့ Fortune Plaza Expo ခန်းမကို ကိုဗစ်လူနာတွေထားရှိနိုင်မယ့် ခုတင်(၁၀၀၀)ဆံ့ယာယီဆေးရုံအဖြစ် အသုံးပြုမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
ယာယီဆေးရုံအဖြစ်အသုံးပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ Excellent Fortune Development Group ဥက္ကဌ ဖြစ်သူ ဦးစိုင်းမျိုးဝင်းက လှူဒါန်းတာဖြစ်ပါတယ်။
သည်ခန်းမကြီးကို ခုတင်(၁၀၀၀)ဆန့် Fortune Covid Centre ဆေးရုံအဖြစ် အသုံးပြုမှာဖြစ်ပြီး တက်ရောက်လာမယ့် လူနာတွေအတွက် လိုအပ်တာတွေသုံးစွဲဖို့ ကျပ်သိန်းတစ်ထောင်ကိုလည်း မတည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
သည် Forturne Plaza Expo ခန်းမဟာ ပြပွဲကြီးများကျင်းပရာနေရာဖြစ်ပြီး တစ်ရက်ငှားရမ်းခ သိန်း(၃၀၀) ခန့်ကျသင့်တဲ့ ခန်းမကြီးဖြစ်ပြီး အခုဆေးရုံအဖြစ်အသုံးပြုခွင့်ကို COVID-19 ရောဂါကပ်ဘေးပြီးဆုံးသည်အထိ လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။
ပြည်တွင်း စီးပွါးရေးလုပ်ငန်းရှင်များ အနေနဲ့ ကမ္ဘာကပ်ရောဂါ တစ်ခုဖြစ်တဲ့ Covid-19 ရောဂါ ပြည်တွင်းမှာ စတင်ဖြစ်ပွားစဉ်ကစပြီး ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာ အစိုးရဌာန ဆိုင်ရာများနဲ့ ပူးပေါင်းပြီး ကူညီထောက်ပံ့မူ များပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Excellent Fortune ဥက္ကဌဦးစိုင်းမျိုးဝင်းဟာ ပြည်တွင်းမှာ ကိုဗစ် စတင်ဖြစ်ပွားစဉ်ကနေ အခု ဒုတိယလှိုင်းဖြစ်ပေါ်လာသည်အထိ အစိုးရနဲ့ ပြည်သူတွေကို စားသောက်ကုန်၊ဆေးဝါးများ ငွေကျပ်သိန်းပေါင်း (၁) သောင်းကျော်လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ(၁၀,၇၃၄)ဦးရှိနေပြီး သေဆုံးလူနာ(၂၂၆)ဦးနဲ့ ဆေးရုံကဆင်းခွင့်ရသူ(၂,၈၆၂)ဦးရှိနေပြီဖြစ်ပါတယ်။
လက်ရှိပိုးတွေ့လူနာအများဆုံးဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး အတည်ပြုလူနာ(၇၄၀၉)ဦးရှိနေတာဖြစ်ပါတယ်။
Crd
Author : အေးအေးအောင်