04/08/2026
# # #မိမိကားကိုပါကင်ထိုးထားခဲ့စဉ်
မိုးရွာပြီး လမ်းရေကြီး၍ ကားရေမြုပ်သွားလျှင် ဘာဆက်လုပ်သင့်လဲဆိုတာကို အချက် (၆) ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ…
~~~~~~~~~~~~~~~~~~
▪️၁။ ကိုယ့်ကားဘယ်လောက်ထိရေမြုပ်နေသလဲဆိုတာကို စစ်ဆေးပါ။
အကယ်၍ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေလျှင် ဂီယာ နံပါတ် ၄ ဖြင့်သွားပါ။
အကယ်၍ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေပါက ရေကျသွားသည် အထိ ခဏစောင့်ပြီးလျှင် လေစစ်ကို စစ်ဆေးပါ။
လေစစ်တွင် ရေစိုနေပါက နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။
▪️၂။ ကားအင်ဂျင်ပိုင်းလောက်ထိရေဝင်နေပါက ကားစက်နှိုးခြင်းကို အထူးရှောင်ရှားသင့်ပါသည်။
မတော်တဆ ကားအင်ဂျင်ထဲ ရေဝင်နေလျှင် မိမိက ကားစက်နှိုးလိုက်သည့်အခါ ပြုပြင်၍ မရလောက်အောင် ကားအင်ဂျင် ပျက်စီးသွား ပါလိမ့်မည်။
အကောင်းဆုံးမှာ ကျွမ်းကျင်သော မက္ကင်းနစ်ကို ခေါ်ပြီး စစ်ဆေးခိုင်းသင့်ပါသည်။
▪️၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ။
အင်ဂျင်ဝိုင်တိုင်းသည့် တုတ်တံတွင် ရေစက်များတွေ့နေခြင်း (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာခြင်းသည် အင်ဂျင်ဝိုင်ခွက်ထဲသို့ ရေဝင်နေသော လက္ခဏာဖြစ်ပါသည်။
ထို့အချိန်တွင် လုံးဝလုံးဝ စက်မနှိုးဘဲ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်များအကုန်ဖောက်ထုတ်ပြီးလျှင် အင်ဂျင်ဝိုင်ခွက်၊ ပလပ် စသည်များကို သန့်ရှင်းပြီး အင်ဂျင်ထဲတွင် ရေမကျန်စေရန် ဂရုပြု၍ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
▪️၄။ ဂီယာဝိုင်ကိုစစ်ဆေးပါ။
အင်ဂျင်ဝိုင်ကိုစစ်ဆေးသကဲ့သို့ ဂီယာဝိုင်တိုင်းသည့် တုတ်တံကို ရေရှိမရှိစစ်ဆေးသင့်ပြီး
တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားသဖြင့် အကယ်၍များမိမိကားက ထိုသို့ဂီယာဘောက်စ်ပါလျှင် လုံးဝလုံးဝ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကားဝပ်ရှော့ကို ကားဆွဲသွားလိုက်သင့်ပါသည်။
▪️၅။ စတီယာရင်ကို စစ်ဆေးပါ။
EPS (electronic power steering) ပါသော ကားများတွင်ပြဿနာအဖြစ်အများဆုံးဖြစ်ပါသည်။
လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင်လုပ်ထားသည့်အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေဝပ်ရင်ပျက်ပါသည်။
ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးသော ပါဝါစတီယာရင်ဆိုလျှင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားလျှင် အထဲက ဗားများ ပျက်စီးတတ်သဖြင့် မိမိကားစတီယာရင် လေးလာလျှင် မပေ့ါဆမနေဘဲ ကားဝပ်ရှော့သို့ သွားရောက်ကာ ပြုပြင်သင့်ပါသည်။
▪️၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ။
ကားမောင်းသူတစ်ယောက်အနေဖြင့် လျှပ်စစ်ပစ္စည်းများအကြောင်းအသေးစိတ်မသိနိုင်သော်လည်း ကြိုးပြတ်ခြင်းများ၊ ကြိုးလွတ်နေခြင်းများ ရှိမရှိကို စစ်ဆေးနိုင်ရပါမည်။
ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊ တံခါးဂျက်၊ အတွင်းခန်းမီး စသည့်အရာများ မကြာခဏစစ်ဆေးပါ။
ထို့နောက် တစ်ခုခု မသင်္ကာလျှင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းသင့်ပါသည်။
ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အောက်ပါအချက်များကို ပြုလုပ်ပါ။ မိမိပြနေကျ ကားဝပ်ရှော့၏ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်းနှင့် ကားထဲတွင် မှတ်သားထားသင့်ပါသည်။
ထို့အပြင် ကားဆွဲသောဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖုန်းနံပါတ်များကို မှတ်သားထားပြီး ဖြစ်နိုင်မည်ဆိုလျှင် မိမိသွားမည့်နေရာ၏ အခြေအနေကို ကြိုတင်စုံစမ်းသင့်ပါသည်။
ယခုဆိုလျှင် ရေဒီယိုမှ တခါတလေ ယာဉ်ကြောအခြေအနေများဖော်ပြပေးတတ်ပါသည်။
ကားဘေးတံခါးအောက်ခြေခန့်အထိ ရေမြုပ်သွားလျှင်တောင် အန္တရာယ်များသဖြင့် ကားရေမြုပ်သွားလျှင် ဖြစ်ပေါ်လာနိုင်သော ပြဿနာမှာ အလွန်ပင်များပြားလှပါသည်။
ထို့အပြင် ပြန်လည်ပြုပြင်ရမည့်စရိတ်၊ ဝပ်ရှော့ ထိုးထားရသည့်အချိန် စသည် ဆုံးရှုံး မှုများ အလွန်ပင် များပြားလှသဖြင့်
ကားအသုံးပြုသူများအနေဖြင့် မလိုအပ်ဘဲ ကားကို ရေထဲဖြတ်မောင်းခြင်း၊ ရေကြီးလေ့ကြီးထရှိသော လမ်းပေါ်တွင် မိုးရွာနေစဉ်ကားရပ် မထားသင့်ပါခင်ဗျာ။
ကားကို ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြပါစေခင်ဗျာ။
#မူရင်းရေးသားသူအား လေးစားစွာ ပေးပါတယ် ခင်ဗျ။
#ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်