08/12/2023
ဗဟုသုတပေါ့
"လူနေထိုင်ခွင့်ပြုထားသည့် လယ်ယာမြေများကို
ပြန်လည် သိမ်းယူနိုင်ပါသလား"
''မြေချပါမစ်နဲ့ ချပေးထားတဲ့ လယ်ယာမြေကို နိုင်ငံတော်အစိုးရက ပြန်လည်သိမ်းနိုင်ပါသလား ဆရာ''
မိတ်ဆွေစီးပွားရေးသမား တစ်ဦးက စာရေးသူထံ
လာရောက် ဆွေးနွေးခြင်း ဖြစ်သည်။
''ပြန်သိမ်းမယ်လို့ သတင်းကြားလို့လား''
''ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ
နိုင်ငံတော် အဆောက်အအုံနဲ့ မြေကွက်တွေကို လုပ်ငန်း
လုပ်ကိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ရယူထားပြီး အမှန်တကယ်
လုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံတွေကို
နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူဖို့ လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက အဆိုတင်သွင်းတယ်လို့ ကြားသိရ လို့ပါ''
''ဒါနဲ့ မိတ်ဆွေကြီးလည်း စိတ်လှုပ်ရှား စိုးရိမ်သွားတယ်ပေါ့''
''ဆိုပါတော့ ဆရာရယ်။
အမှန်တကယ် ပြန်လည်သိမ်းခဲ့ရင် ကျွန်တော်တို့
ဝယ်ထားတဲ့ သူတွေ ဘယ်လို အခွင့်အရေးရနိုင် ပါသလဲ။
ဥပဒေ အရ အခွင့်အရေးရှိ မရှိ သိချင်လို့ပါ''
''အခုထိတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က
ဆုံးဖြတ် အတည်ပြုတာတော့ မရှိသေးပါဘူး။
ဆွေးနွေးဆဲပဲ ဖြစ်ပါတယ်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ နိုင်ငံတော်ရှိ
မြေအားလုံး၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နှင့်
လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏
ပင်ရင်း ပိုင်ရှင်သည် နိုင်ငံတော် ဖြစ်သည်လို့
ပြဋ္ဌာန်းထားတယ်။
ဒါကြောင့် မည်သည့်အချိန်မဆို ပင်ရင်းပိုင်ရှင် ဖြစ်တဲ့
နိုင်ငံတော်က ပြန်လည် သိမ်းယူခွင့် ရှိပါတယ်''
''ဒါဆို ပြန်လည်သိမ်းယူနိုင်တယ် ပေါ့နော်''
''ဒါပေမယ့် ဥပဒေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက်
စိုးရိမ်ရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။
မိတ်ဆွေကြီး ဝယ်ထားတယ်ဆိုတဲ့ လယ်ယာမြေတွေက
ဘယ်မှာလဲ၊
ဘယ်လို အထောက်အထား ရရှိထားပါသလဲ''
''ရှင်းရှင်းပြောရရင်တော့ လှည်းကူးမြို့နယ်ထဲမှာ ရှိတဲ့
လယ်ယာမြေတွေပါဆရာ။
လယ်ယာမြေတွေကို နိုင်ငံတော်ကသိမ်းပြီး အကွက်ရိုက်ပြီးမြေချပါမစ်ထုတ်ပေးတဲ့ အထိ
ဆောင်ရွက်ပေးတာဖြစ်တယ်''
''သက်ဆိုင်ရာ အဖွဲ့အစည်းက လယ်ယာမြေကို အခြားနည်း
အသုံးပြုခွင့်ပေးနိုင်ကြောင်း လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်း
ထားတာ ရှိတယ်။
လူအများသိနေတဲ့ ပုံစံ ၃ဝ (က)(ခ) ပေါ့ဗျာ။
အဲဒီကနေ ပုံစံ ၁၅ ခွင့်ပြုချက်ထုတ်ပေးပြီး အဲဒီအဆင့်ကနေ
မြေချပါမစ်၊ ဂရန်စသဖြင့် ဆောင်ရွက်ပေးခွင့် ရှိပါတယ်''
''ဟုတ်ပါတယ် ဆရာ၊
အချို့ မြေကွက်တွေဆိုရင် ဂရန်ကျပြီးဖြစ်နေတာ ရှိတယ်''
''ဂရန်ရပြီမို့ ဒီမြေကွက်ကို အပြီးအပိုင် ပိုင်ဆိုင်ခွင့်ရပြီလို့
သတ်မှတ်မရဘူး။
ဂရန်စာချုပ်ဆိုတာ မြေငှားစာချုပ်ပဲ ဖြစ်တယ်။
အဆောက်အအုံ ဆောက်နေထိုင်ဖို့ အတွက်
နှစ် ၆ဝ၊ နှစ် ၉ဝ စသဖြင့် မြေငှားစာချုပ် ထုတ်ပေးတာ
ဖြစ်တယ်''
''ဒါဆိုရင် မြေဂရန်အမည်ပေါက်သူက မြေပိုင်ရှင်
မဟုတ်ဘူးပေါ့''
''ဥပဒေအရ ပြောရရင်တော့ နိုင်ငံတော်အစိုးရက
မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနယ်နိမိတ်ကို အခြားသူအား
လွှဲပြောင်းပေးခွင့်ရှိပါတယ်။
ဒါကြောင့် မြေငှားဂရန်အရပဲဖြစ်ဖြစ်၊ ပါမစ်မြေအဖြစ်
သတ်မှတ်၍ပဲဖြစ်ဖြစ်
စီမံခန့်ခွဲခွင့်ကို လွှဲပြောင်းပေးတဲ့ သဘောဖြစ်တယ်''
''တရားရုံးတွေမှာ တရားစွဲဆိုရင် မြေဂရန်အမည်ပေါက်သူ
က ပိုင်ရှင်အဖြစ် တရားစွဲဆိုကြတာလို့ သိထားပါတယ်''
''မှန်ပါတယ်။
ဥပဒေအရတော့ ဂရန်အမည်ပေါက်သူကို မြေမပိုင်ဟု
ဆုံးဖြတ်ခွင့်မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်တဲ့
ဒေါ်ကြင်ယုံ (ခ) ဒေါ်နှင်းအောင်ပါ (၂) နှင့်
ဒေါ်စိန်တင်ပါ (၂)
၁၉၉၉ ခုနှစ် စီရင်ထုံး စာမျက်နှာ ၉၁ မှာ တွေ့ရှိ ရပါတယ်။
ဒါကြောင့် ဥပဒေအရတော့
ဂရန် အမည်ပေါက်သူဟာ ယင်းမြေကို စီမံ ခန့်ခွဲပိုင်ခွင့် ရှိသူ
(ပိုင်ရှင်) လို့ အသိအမှတ်ပြုထားပါတယ်။
ဒါပေမယ့် မြေငှားစာချုပ်ပါ ကတိတွေကိုတော့ လိုက်နာရန်
တာဝန် ရှိတယ်''
''အချို့လည်း ဂရန်မရသေးဘဲ ပါမစ်လက်မှတ်သာရှိတာ
တွေလည်း ဖြစ်နေကြတယ်''
''ဘယ်လိုပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ စည်းကမ်းကို
လိုက်နာရန် တာဝန်ရှိတယ်။
အခုဖြစ်နေတဲ့ ပြဿနာက မြေချပါမစ်ရသူပဲ ဖြစ်ဖြစ်၊
ဂရန်စာချုပ်ရသူပဲ ဖြစ်ဖြစ်၊ အဆိုပါ မြေကွက်ပေါ်မှာ
ဆောက်လုပ်နေထိုင်ခြင်းမရှိဘဲ မြေကွက်သက်သက်ထားတဲ့
ကိစ္စတွေဖြစ်တယ်''
''ဟုတ်ပါတယ်။
ကျွန်တော့်မှာ မြေကွက် ၁ဝ ကွက်ရှိပေမယ့် နှစ်ကွက်ပဲ
အဆောက်အအုံဆောက်ထားပြီး ပစ္စည်းသိုလှောင်ထားတယ်''
''မိတ်ဆွေတို့ရဲ့ ဂရန်မြေငှား စာချုပ်မှာ
စာချုပ်ချုပ်ဆိုသည့်နေ့မှ သတ်မှတ်ရက်အတွင်း အဆောက်အအုံ
စတင်ဆောက်လုပ်ရမယ်၊ ဆ်ိုတဲ့
သတ်မှတ်ချက်တွေပါတယ်။
အဲဒီလိုပဲ မြေချပါမစ်မှာလည်း အိမ်ရာဆောက်လုပ်
နေထိုင်ခွင့်ပြုတာဖြစ်လို့ မြေလက်ခံရရှိသူသည့်နေ့မှစ၍
သတ်မှတ်ရက် အတွင်း အိမ်ရာဆောက်လုပ်နေထိုင်ရမယ်လို့
စည်းကမ်းချက်မှာ ဖော်ပြထားတာ တွေ့ပါလိမ့်မယ်''
''သတ်မှတ်တဲ့ ကာလအတွင်း အဆောက်အအုံဆောက်လုပ်
နေထိုင်ခြင်းမရှိရင် မြေကွက်ကို ပြန်လည်
သိမ်းယူနိုင်ပါသလား''
''စည်းကမ်းချက်မှာတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်
ကို မလိုက်နာရင် ဂရန်မြေငှား စာချုပ်ကို ပယ်ဖျက်နိုင်တဲ့
အပြင် မြေကွက်ကို ပြန်လည်သိမ်းယူခွင့်ရှိတယ်လို့
ဖော်ပြထားတယ်။
ဒီလိုပဲ မြေချပါမစ်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
ဒါကြောင့် နိုင်ငံတော်က ဥပဒေ စည်းကမ်းနဲ့ မလိုက်နာ
သူတွေကို ထိရောက်စွာ စိစစ်ဆောင်ရွက်ခွင့်ရှိပါတယ်''
''တကယ်လို့ ပြန်လည်အသိမ်းခံရရင် နစ်နာကြေး
ရနိုင်ပါသလား''
''ဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းက ဆုံးဖြတ်ရမယ့်
ကိစ္စဖြစ်ပါတယ်။
လယ်ယာမြေဥပဒေ ပုဒ်မ (၂၆) မှာတော့
တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင်မည်သို့ပင်ပါရှိစေကာမူ
နိုင်ငံတော်အကျိုးငှာ၊ အများပြည်သူ အကျိုးငှာ သိမ်းခြင်း
ဖြစ်တယ်ဆိုရင်တော့ နစ်နာသူကို ထိုက်သင့်တဲ့ လျော်ကြေး
ပေးရန် ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်''
"ကျွန်တော်တို့လည်း မြေကွက်အားလုံးမှာ အဆောက်အအုံ
မဆောက်နိုင်သေးတော့ မြေကွက်အတိုင်းထားတာတွေ
လည်း ရှိတယ်ပေါ့၊
အချို့မြေကွက်တွေကိုတော့ခြံစည်း ရိုးခတ်ထားပါတယ်''
''မှန်ပါတယ်၊
အဆောက်အအုံ မဆောက်ဖြစ်တဲ့ မြေကွက်တွေမှာ ကျူးကျော်
နေထိုင်သူတွေလည်း ရှိနေတတ်လို့ အမှုအခင်းတွေဖြစ်နေ
ကြတာ မနည်းပါဘူး။
ဒါကြောင့် သက်ဆိုင်ရာက ပြန်လည်စဉ်းစားတာဖြစ်မယ်
ထင်တယ်။
ဘာပဲဖြစ်ဖြစ် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်တာ
အကောင်းဆုံးပါ'' ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
မူရင်းရေးသားသူ၏အာဘော်အားအနည်းငယ်ဖြည့်စွက်ရေးသားဖော်ပြပါသည်။