15/11/2022
နည်းနည်းတော့ ဆိုးလို့ရတယ်မလား ...
တစ်ခါတစ်လေကျတော့ ... လူကောင်းလုပ်ရတာက တကယ်ပဲ ပင်ပန်းတယ် ။ အမြဲတမ်းမြိုသိပ်ထားတတ်တဲ့သူက အမြဲတမ်း မြိုသိပ်ထားမှပဲ အဆင်ပြေတာ မဟုတ်လား ။ အမြဲတမ်း ခေါင်းငြိမ့်တတ်တဲ့သူက အမြဲတမ်းခေါင်းငြိမ့်နေမှပဲ အဆင်ပြေတာ မဟုတ်လား ပြီးတော့ ခေါင်းငုံနေတဲ့ လူကလဲ ခေါင်းငုံနေမှပဲ လူကောင်းလို့ ထင်တာမဟုတ်လား ။
မြိုသိပ်ထားတဲ့လူက စကားလေးနည်းနည်းလေးပြောလိုက်ရင် အားလုံးက ငြိုငြင်သွားကြတာပဲလေ ... အားလုံးက လူဆိုးကြီးဆိုပြီး ခေါင်းစဥ်တပ်ကြတာပဲလေ ။ အစာအိမ် နာတဲ့အထိ မြိုချထားတဲ့ စကားလုံးတွေ အများကြီးထဲက တစ်လုံး နှစ်လုံးလောက်ပဲ ပြောမိတဲ့အခါ လူတွေက ကျွန်တော့ကို မုန်းသွားကြတာပဲလေ ။ ကျွန်တော်လဲ မြိုသိပ်ထားတဲ့အရာကို မြိုသိပ်ထားတဲ့အတိုင်းပဲ ထားချင်ပါတယ် ။ ဒါပေမယ့် ရင်ဘတ်ထဲ တင်းကျပ်လာတဲ့အခါ မျက်ရည်တွေကျပြီး ငိုလို့တော့ရတယ်မလား ။
လိုချင်တာတွေ ... ပြီးတော့ လိုအပ်တာတွေ အများကြီး ရှိခဲ့ဖူးတဲ့ လူတစ်ယောက်က ဖြစ်သင့်တာတွေ လုပ်သင့်တာတွေချည်း ဦးစားပေးရတာများလာရင် စိတ်ကုန် စိတ်ပျက်လာတတ်တာပဲ မဟုတ်လား ။ ပြောင်းလဲသွားတယ်နော်ဆိုတဲ့ ခေါင်းစဥ်တွေ တပ်ပြီး အပြစ်တွေ တင်ကြဦးမယ်လေ ကျွန်တော် ဂရုစိုက်မနေချင်တော့ဘူး ပြီးတော့ ရှင်းပြမနေချင်တော့ဘူး ။ ဘ၀ဆိုတာ အရမ်းမှ မရှည်ပဲလေ နောက်ဆုံးဆိုတဲ့အချိန်တွေ မရောက်ခင် ကျွန်တော့်အတွက် ကျွန်တော် နည်းနည်းလေး ပြန်ကြည့်ချင်တယ် အရိုးသားဆုံး၀န်ခံရရင် ဒီအချိန်မှာ အတ္တ ကြီးတတ်ချင်တယ် ။
သူ ပျော်ဖို့ ... သူ အဆင်ပြေဖို့ ... သူ ကောင်းကောင်းနေရဖို့ နေရာတကာမှာ တခြားတစ်ယောက်ကို အရမ်းချစ်ပြီးသွားလို့ ကိုယ်က အရေးပါမနေရင် ...ကိုယ့်ကိုယ်ကိုယ်တော့ ပြန်ချစ်လို့ ရတယ်မဟုတ်လား ။ ကျွန်တော့်ကို ကျွန်တော် မေ့ထားခဲ့တာ အချိန်အတော်ကြာပြီ ကျွန်တော့်အတွက်ဆိုပြီး မတွေးတတ်ခဲ့တာ အတော့်ကို ကြာပြီ ။ ဘယ်အနာဂတ်မှာမဆို ငါ့အတွက်ဆိုပြီး နေရာတစ်နေရှိမနေတော့တာ အတော်လဲကြာပြီလေ ။
အသက်တွေလဲ ကြီးလာပြီလေ ။ ဆယ်ကျော်သက်ဆိုတဲ့အရွယ်မှာ အလုပ်ခွင်ထဲ ရောက်နေတဲ့ ကောင်လေးလေးတစ်ယောက်ပါ ။ သူများတွေ ပျော်နေတာကို ကြည့်ပြီး ကိုယ်က အိပ်စက်ခဲ့ဖူးတဲ့ လူတစ်ယောက်ပါပဲ အပေါင်းအသင်းတွေနဲ့ လည်တယ်ပတ်တယ်ဆိုတဲ့ ဘ၀တွေ မရှိခဲ့ဖူးဘူး ။ Best Friend ဆိုပြီး ပုခုံးဖက်ပေါင်းရတဲ့ အပေါင်းအသင်းရယ်လို့လဲ မရှိခဲ့ဘူး ကျွန်တော် အားလုံးနဲ့ ဝေးခဲ့တယ် ။ ပြီးတော့ လူတစ်ယောက်နဲ့ နီးခဲ့တယ်လေ ။
ဒါပေမယ့် ... မင်းကို ချစ်တယ်ဆိုတဲ့နောက်မှာ ကိုယ်ပေးခဲ့တဲ့ အရာတွေ အားလုံးက ဘာဆိုဘာမှ အဖတ်တင်ကျန်မနေတဲ့အခါ လမ်းတွေဟာ ပျောက်လာရတယ် ။ ပြီးတော့ ငါက ဘာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်လာရတယ် ။ ပတ်၀န်းကျင်ကို ဂရုစိုက်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ အားမလိုအားမရတွေ ဖြစ်လာရတယ် ။
ကျွန်တော် ... နည်းနည်းလောက်တော့ ဆိုးလို့ရတယ် မဟုတ်လား ။ လူကောင်းလုပ်ခဲ့တာ ကြာပြီလေ နာကျင်စရာတွေပဲ ရတယ် ။ မြိုသိပ်ပြီးနေခဲ့တာ ကြာပါပြီ မွန်းကျပ်လာတာပဲရှိတယ် ။ အရှုံးပေးပြီး ရပ်နေခဲ့တာလဲ ကြာပါပြီ အနိုင်တွေပဲ ထပ်ယူသွားကြတယ် ။
ကျွန်တော် ပင်ပန်းနေပြီဆိုတဲ့ အကြောင်းကို မျက်ရည်တွေနဲ့ ငိုပြီး ပြောလို့ရတယ် မဟုတ်လား ... ခဏပဲလေနော် ပြီးရင် ပြန်တိတ်မှာပေါ့ အရင်လိုပဲ ပြန်ပြီး တိတ်ဆိတ်နေပေးမယ်လေ ... နားလည်မှုမလွဲဘူး မဟုတ်လား ပြီးတော့ ကျွန်တော့အနားကနေ ခွာမသွားဘူးမဟုတ်လား ။ ကျွန်တော် ဒီရက်တွေမှာ နည်းနည်းလေးပဲ ဆိုးချင်ရုံပါ ။
အမြဲတမ်းဂရုစိုက်နေရတဲ့ ဘ၀ကနေ ဂရုစိုက်ခံရတဲ့ လူတစ်ယောက်အဖြစ် ခဏတစ်ဖြုတ်နေချင်တယ် ။ အမြဲတမ်းလိုက်ချစ်နေရတဲ့ ဘ၀ကနေ အချစ်ခံရတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကို လိုချင်တယ် ။ မြိုသိပ်မထားတော့ဘူးလေ ကျွန်တော် နာကျင်လို့ဆိုပြီး အော်ငိုချင်လို့ ။ ကျွန်တော် ပင်ပန်းလို့ဆိုပြီး ဆွဲထားမိတဲ့ လက်လေးကို ခဏလွှတ်လိုက်တော့မလို့ အမြဲတမ်းဂရုစိုက်နေမိတဲ့ ပတ်၀န်းကျင်ကို ဂရုမစိုက်ပဲ နေချင်လို့ ။
ကျွန်တော် နည်းနည်းတော့ ဆိုးလို့ရတယ် မဟုတ်လား ... ပြီးရင် ပြန်တိတ်ဆိတ်ပေးမယ်လေ ပြီးရင် ပိုသန်မာပေးမယ်လေ ပြီးရင် ကျွန်တော်ဖြစ်ချင်တာဆိုတဲ့အရာတွေကို သိမ်းထားလိုက်မယ်လေ ။ ခဏ အရမ်းပင်ပန်းနေပြီမို့ပါ ။
ကျေးကို