14/06/2025
Chevrolet Spark အကြောင်း တစေ့တစောင်း
================================
Chevrolet Spark ဟာ Korea က တင်သွင်းလာတဲ့ ပေါ့ပေါ့ပါးပါးဆီစားသက်သာတဲ့ကားလေးပဲဖြစ်ပါတယ်။ ထူးခြားချက်က အင်ဂျင်ပါဝါ ၁၀၀၀ စီစီ ကို အရုန်းအဆွဲအရမ်းကောင်းပြီး ကီလို ၁၄၀-၁၆၀ ထိ အေးဆေး မောင်းလို့ရပါတယ်။ အင်ဂျင်က အရမ်း Performance ကောင်းတဲ့ အင်ဂျင်ပဲဖြစ်ပါတယ်။
ကား Grade အားလုံးမှာ TPMS လေပေါင်ဆင်ဆာများပါဝင်ပါတယ်။ အများစုတင်သွင်းကြတဲ့ Model Year ကတော့ (၂၀၁၈-၂၀၁၉) ပါ။ အဲ့တော့ ဒီကားလေးတွေ မိတ်ဆွေတို့ဝယ်ယူတဲ့အခါမှာ Grade ခွဲခြားနည်းများနဲ့ပါဝင်မှုများကို သိရှိအောင် ကျွန်တော်သိသလောက် ရှင်းပြပေးပါမယ်။
ပထမဦးစွာ Grade လေးတွေကို ရှင်းပြပေးပါမယ်။ Chevrolet Spark 2018 မှာတော့ Grade က LS, LT, LT+, LTZ ဆိုပြီးရှိပါတယ်။ 2019 မှာလည်း 2018 နည်းတူ LS, LT, LT+ ရှိပြီး LTZ အစား Premier ဖြစ်သွားပါတယ်။ ကျွန်တော်တို့အနေနဲ့ ကားဝယ်တဲ့အခါ Premier လို့ပြောလိုက်တာနဲ့ 2019 ဆိုပြီး အလွယ်သိနိုင်ပါတယ်။ 2018 မှာ Premier မလာတဲ့အတွက်ကြောင့်ပါ။ ကြားဖြတ် Customer Option Grade တွေတော့ ရှိပါတယ်။ Perfect Black, Redline, Myfit Edition စတာတွေကတော့ LTZ နဲ့ Premier ကို နည်းနည်းကွန့်ပြီးထုတ်တဲ့ Modified Grade တွေပဲဖြစ်ပါတယ်။
LS Grade – LS Grade ကတော့ အနိမ့်ဆုံး Grade ဖြစ်ပြီး ဘက်မှန်ခေါက်တဲ့မော်တာမပါ၊ မှန်ချိန်မော်တာမပါ၊ ထိုင်ခုံလယ်သာခုံမဖြစ်ပါ။ တချို့ LS လုံးဝ ဘာမှမပါတာဆို မှန်တင်မှန်ချခလုတ်ပါ လက်လှည့်ဖြစ်တာတွေ ရှိပါတယ်။ ကားသော့ကလည်း Remote ပါတာလည်း လာသလို မပါတာလည်း လာပါတယ်။ နောက်ထိုင်ခုံလည်း ခေါင်းမှီမပါတာများပါတယ်။ သူကတော့ ကားအဖြစ်ပဲသုံးမယ်၊ အထဲမှာ ဘာမှမလိုဘူး ကားဝယ်မယ်ဆို စျေးလည်းသက်သာချင်သူများအတွက် အထူးသင့်တော်တဲ့ ရိုးရိုး Grade ပဲဖြစ်ပါတယ်။
LT Grade – LT Grade မှာတော့ ဘက်မှန်ခေါက်တာကော မှန်ချိန်တာကော မော်တာပါဝင်လာပါတယ်။ ထိုင်ခုံလည်း လယ်သာခုံဖြစ်သွားပါတယ်။ နောက်ခေါင်းမှီတွေပါလာပါတယ်။ မှန်တင်မှန်ချမော်တာဖြစ်ပါတယ်။ Remote ကားသော့ဖြစ်သွားပါတယ်။ ကားစတီယာရင်ကြိုးချုပ်ဖြစ်သွားပြီး Volume Control တစ်ဖက်ပါဝင်တတ်ပါတယ်။ ကား Parking Sensor များလည်း ပါဝင်လာပါတယ်။
LT+ >> LT+ Grade မှာ တော့ LT နဲ့ကျန်တာအားလုံးတူညီပြီး ထူးခြားမှုကတော့ လူကြိုက်များတဲ့ Smart Key, Push Start စနစ်ဖြစ်သွားပါတယ်။ ဒါကြောင့် LT ကို Smart Key ထည့်ပေါင်းထားတဲ့အတွက် LT+ လို့ ခေါ်တွင်ခြင်းပဲဖြစ်ပါတယ်။
LTZ (2018), Premier (2019) – ဒီနှစ်မျိုးမှာတော့ ဘာတွေထပ်ပါလာလည်းဆိုရင် Chevrolet Spark ရဲ့အမြင့်ဆုံး Grade ဖြစ်သွားတဲ့အတွက် ကားရဲ့စတီယာရင်မှာ ခလုတ်အစုံပါဝင်လာပါတယ်။ Volume Control အပြင် Cruise Control, Radar ခလုပ်တွေလည်းပါဝင်လာပါတယ်။ ကားရဲ့ဒိုင်ခွက်မှာလည်း ကားမောင်းတဲ့ ကီလိုကို Digital နဲ့ပြောင်းလဲကြည့်နိုင်ပါတယ်။ နောက်ဘက်မှန်မှာလည်း နောက်မျက်ကွယ်က ကားများအတွက် သတိပေးတဲ့ Blind Spot Alarm မီးလေးများပါဝင်ပါတယ်။ ကားမောင်းသူရှေ့ Dashboard မှာလည်း ရှေ့ကားနောက်ကားနီးကပ်တဲ့အခါ အချက်ပြပေးတဲ့ Rader Sign မီးလေးလည်းပါဝင်ပါတယ်။ Land Depature Alarm စနစ်ပါလာမယ်။ Grade အားလုံးမဟုတ်ပေမယ့် အတော်များများမှာတော့ Apple Car Paly, Android Auto Support လုပ်တဲ့ TV စနစ်ပါဝင်လာပါတယ်။ Premier ကို myfit တို့ဘာတို့ဆိုရင် Sunroof ပါဝင်လာပါတယ်။ ကားရှေ့နောက် Parking Sensor ပတ်လည်ပါဝင်လာပါတယ်။
ဒါကတော့ Chevrolet Spark (2018,2019) Grade တွေမှာ ယေဘုယျအားဖြင့် ပါဝင်မှုတွေကို ရေးပေးခြင်းပဲဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ Grade မြင့်တိုင်း အဲကွန်း ခလုတ် Digital မဖြစ်ပါဘူး။ LT+ များမှာလည်း အဲကွန်း Digital ဖြစ်ပြီး LTZ မှာ မဖြစ်တာလည်း လာပါတယ်။ ကား Grade မြင့်တိုင်း အဲကွန်း Digital ဖြစ်တယ်လို့ ယူဆမရပါဘူး။ ကား Grade အားလုံးကို တစ်ဖက်တင်သွင်းလာတဲ့ Korea မှာ ပြောင်းလဲပြင်ဆင်နိုင်သည့် LT Grade ဖြစ်ပြီး Blind Spot ပါဝင်နေသည့် ကားများလည်း ရှိပါတယ်။ ကျွန်တော်ရှင်းပြပေးတာကတော့ Chevrolet Spark ကားအများစုရဲ့ Grade တစ်ခုချင်းစီမှာ ပုံမှန်ပါဝင်မှုလေးတွေကို ယေဘုယျအားဖြင့် သိရှိစေလိုတဲ့အတွက်ပဲဖြစ်ပါတယ်။
2018 နှင့် 2019 ကွာခြားမှုမှာ ရှေ့နောက်ဘန်ဘာနှင့်မီးလုံးများ အနည်းငယ်ပြောင်းလဲသွားပါတယ်။ နောက်ထူးခြားချက်မှာ 2019 Grade အားလုံးတွင် Autostop စနစ်ကို ထည့်သွင်းပေးထားပါတယ်။ 2018 တွင်ပါဝင်ခြင်းမရှိပါ။
ဒီ Chevrolet Spark (2018-2019) ကားများကို Hybrid ကားများကဲ့သို့ စက်ရုံက 0-20W ကိုသာ ထည့်သွင်းရန် အင်ဂျင်ဝိုင်အဖုံးမှာလည်း အသားတံဆိပ်ဖြင့် အမှတ်အသားပြုလုပ်ပေးထားပါတယ်။ ကားကီလိုများလည်း 0-20W ပဲ ထည့်သွင်းရမည်ဖြစ်ပါတယ်။ ကားလေပေါင်ချိန်ကိုလည်း ကားသေးဆိုပေမယ့် ယခင်ဂျပန်ကားများလို 30 PSI ထိုး၍ မရပါ။ 35 PSI ပတ်လည်ထိုးပေးမှသာ လေပေါင်မီးပျောက်မှာ ဖြစ်ပါတယ်။
ဒိုင်ခွက်တွင် အင်ဂျင်ဝိုင် 0% ပြ၍ အင်ဂျင်ဝိုင်လဲလှယ်ပြီးပါကလည်း 0% မှ 100% သို့ Auto မပြောင်းလဲပါ။ ဆိုင်မှ လဲလှယ်ပေးသူ (သို့) မိမိဘာသာ ခလုတ်နှိပ်၍ Reset ချပေးမှ 100% သို့ ရောက်မည်ဖြစ်ပါတယ်။ ပလတ် (၃) လုံးပဲပါဝင်တဲ့ကားဖြစ်တဲ့အတွက် ဆီစျေးတက်၍ သက်သာစေရန် 92 Ron ထည့်သည့်အခါ အခန့်မသင့်ရင် Check မီးလင်းတတ်ပါတယ်။ စက်ထိုးစစ်လျှင် Oxygen Sensor အဖြစ်များပါတယ်။ ဒီအတွက် ကားသေးလေးဖြစ်သည့်အတွက် ဆီလည်း ထင်သလောက်မစား၍ 95 Ron သာ ထည့်ပေးစေချင်ပါတယ်။
Oxygen Sensor ဆေး၍ ပြန်သုံးရရင် ပြဿနာမရှိပေမယ့် ပျက်လျှင် ပစ္စည်း ပုံမှန်ကားများထက် ချက်ချင်းအလွယ်တကူမရနိုင်တာကော၊ စျေးများသည့်အတွက်ကောကြောင့် ဆီကောင်းကောင်းထည့်ပြီးကာကွယ်တာက ပိုကောင်းပါတယ်။ အများစုတွေ့ကြုံရတဲ့အခြေခံများကို ပေါင်းစည်းပြီးရေးသားခြင်းဖြစ်ပါတယ်။
ဒီ Chevrolet Spark အကြောင်းလေးဖတ်ပြီး ကားလက်ရှိသုံးနေသူကော၊ ဝယ်ဖို့လေ့လာသူများအတွက်ကော အထောက်အကူပြုလျှင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်။
ရေးသားသူ – မောင်ဂျစ်တူး
ကားသတင်းစုံမှတစ်ဆင့်ပြန်လည်မျှဝေပါသည် ။