21/07/2023
📜 တခါတုန်းက ပညာရှိပါမောက္ခကြီးတစ်ဦး ရှိသတဲ့။ အနယ်နယ်အရပ်ရပ်ကနေ သူ့ဆီမှာ ပညာလာဆည်းပူးကြတဲ့ စာသင်သားတပည့်တွေလည်း အများကြီးပေါ့။
တစ်နေ့တော့ ပါမောက္ခကြီးက စာသင်ခန်းထဲကို ဖန်ပုလင်းအလွတ်တစ်လုံး လက်ထဲပိုက်ပြီး ဝင်လာတယ်။ တပည့်တွေက "မင်္ဂလာပါ ဆရာ" လို့ မတ်တပ်ထပြီး နှုတ်ခွန်းဆက်ကြတာပေါ့။ ပါမောက္ခကြီးက အားလုံးပြန်ထိုင်ကြလို့ လက်အမူအရာ ပြလိုက်သတဲ့။
ပြီးတော့ သူ့စားပွဲရှိရာကို လျှောက်သွားပြီး ယူလာတဲ့ ဖန်ပုလင်းအလွတ်ကို စားပွဲကို တင်လိုက်တယ်။ တဆက်တည်းမှာပဲ ဘာမှမပြောသေးဘဲ ဖန်ပုလင်းအလွတ်ထဲကို 🗿 ကျောက်တုံးတွေ ထည့်ပါလေရော။ တစ်တုံးပြီးတစ်တုံး၊ ဖန်ပုလင်း ပြည့်သွားတဲ့အထိပေါ့။ ပါမောက္ခကြီးက မေးလိုက်တယ် ...
❝ဖန်ပုလင်း ပြည့်သွားပြီလား❞
တပည့်တွေက ပြည့်နေပါပြီလို့ ပြန်ဖြေကြတယ်။ အဲ့တာနဲ့ ပါမောက္ခကြီးက ဘာမှ ဆက်မပြောသေးဘဲ ဖန်ပုလင်းထဲကို 🪨 ကျောက်စရစ်ခဲသေးသေးလေးတွေ ထပ်ထည့်ပြန်တယ်။ ဖန်ပုလင်း ပြည့်သွားတဲ့အထိပေါ့။ ပါမောက္ခကြီးက ထပ်မေးတယ် ...
❝အခုရော ပြည့်သွားပြီလား❞
တပည့်တွေက သူတို့ဆရာ ဘာကို ဆိုလိုချင်လဲဆိုတာ နားမလည်သေးဘူး။ ဖန်ပုလင်းကို ကြည့်လိုက်တော့လည်း ပြည့်နေပြီလေ။ အဲ့တာနဲ့ ပြည့်နေပါပြီလို့ပဲ ပြန်ဖြေကြတာပေါ့။
ဒီတော့ ပါမောက္ခကြီးက ဖန်ပုလင်းထဲကို ⏳ သဲတွေထပ်ဖြည့်ပြန်တယ်။ အခုဆို ဖန်ပုလင်းထဲမှာ ကျောက်တုံးတွေရော ကျောက်စရစ်ခဲတွေရော သဲတွေရော ပြည့်သွားပြီ။ တပည့်တွေကလည်း သူတို့ဆရာ ဘာကိုဆိုလိုချင်လဲဆိုတာ စိတ်ဝင်စားနေကြတာပေါ့။ ပါမောက္ခကြီးက ခပ်ပြုံးပြုံး မေးလိုက်တယ် ...
❝အခုရော ဖန်ပုလင်း ပြည့်သွားပြီလို့ ထင်လား❞
တပည့်တွေက ရယ်ပါလေရော။ ပြည့်သွားပါပြီလို့ ထပ်ဖြေကြတာပေါ့။ ဖန်ပုလင်းက တကယ်ကို နေရာလွတ်မရှိအောင် ပြည့်နေပြီလေ။ ပါမောက္ခကြီးက လက်ညှိုးတစ်ချက် ထောင်ပြလိုက်တယ်။ ခဏနေဦးဆိုတဲ့ အဓိပ္ပါယ်ပေါ့။
ဘေးနားမှာရှိတဲ့ ရေခွက်ကိုယူပြီး ဖန်ပုလင်းထဲကို 🫗 လောင်းချလိုက်တော့ ရေက သဲထဲကို စိမ့်ဝင်သွားတယ်။ ဒီတစ်ခါတော့ ပါမောက္ခကြီးက သူ့တပည့်တွေကို မမေးတော့ဘူး။ အခုမှ ဖန်ပုလင်းက တကယ်ကို ပြည့်သွားပြီလို့ ပြောလိုက်သတဲ့။ ဆက်ပြီးတော့ သူတပည့်တွေကို အခုလို ရှင်းပြတယ် ...
❝ဖန်ပုလင်းဆိုတာ လူတွေရဲ့ ဘဝကို ကိုယ်စားပြုတယ် တပည့်တို့။ ကျောက်တုံးတွေကတော့ မိသားစု၊ ချစ်ခင်ရသူတွေ၊ ကျန်းမာရေး၊ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်ရာ စသဖြင့် ဘဝမှာ အရေးအပါဆုံး အရာတွေ ဖြစ်တယ်။ ကျောက်စရစ်ခဲသေးသေးတွေကတော့ ဘဝမှာအတိုင်းအတာတစ်ခုအထိ အရေးကြီးတဲ့ အရာတွေ ဖြစ်မယ်။ ဥပမာ - အိမ်၊ ကား၊ အလုပ်အကိုင်တွေပေါ့။ သဲကတော့ တခြားအရေးမကြီးတဲ့ အရာတွေ အားလုံးပဲ❞
ပါမောက္ခကြီးက ဆက်ပြောတယ် ...
❝အကယ်၍သာ ဖန်ပုလင်းထဲကို ကျောက်စရစ်ခဲတွေ၊ သဲတွေ အရင်ပြည့်အောင် ဖြည့်လိုက်မယ်ဆိုရင် ကျောက်တုံးထည့်ဖို့ နေရာရှိတော့မှာ မဟုတ်ဘူး။ ဘဝဆိုတာလည်း ဒီလိုပဲ တပည့်တို့။ လူဆိုတာ ကိုယ့်ဘဝမှာ ဘယ်ဟာက အဓိကလဲ ဘယ်ဟာက သာမညလဲဆိုတာ ခွဲခြားသိတတ်ဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ဘယ်သူမဆို တစ်နေ့မှာ ၂၄ နာရီပဲ အချိန်ရှိကြတာလေ။ အရေးမပါတာတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် အရေးပါတာတွေအတွက် ဘယ်အချိန်ပေးနိုင်တော့မလဲ❞
💭 စာသင်ခန်းဟာ တိတ်ဆိတ်လို့၊ နားထောင်နေသူတွေ အားလုံး ကိုယ်စီအတွေးတောထဲမှာ မြောသွားကြတာပေါ့။ အဲ့အခိုက်မှာ တပည့်တစ်ယောက်က ရေကရော ဘာကို ကိုယ်စားပြုတာလဲဆရာလို့ မေးလိုက်တယ်။
ပါမောက္ခကြီးက ပြုံးရယ်ရင်း ပြန်ဖြေလိုက်တာက ...
❝ရေကတော့ ရိုးရှင်းပါတယ်။ ကိုယ်တွေရဲ့ ဘဝမှာ ဘယ်လောက်ပဲ ပြည့်ကျပစကားလေးဘ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး စကားလေးဘာလေးပြော၊ အပန်းဖြေဖို့ အချိန်ရှိရမယ် မဟုတ်လား❞ တဲ့။