09/05/2016
ပြင်ဦးလွင် စိုက်ပျိုးမြေပေါ် သိန်းချီမြေကွက်များ စတင်ဖယ်ရှား၊ ၃ လအတွင်း အပြီးဖယ်ရှားမယ်
ပြင်ဦးလွင်မှာ မြေအရောင်းအ၀ယ် အလွန်ဖွံ့ဖြိုးတဲ့အတွက် စိုက်ပျိုးမြေပေါ်မှာ အကွက်ပေါင်းသိန်းချီရိုက်ထားတာကို စတင်ဖယ်ရှားနေတယ်။ ၃လအတွင်း အပြီးဖယ်ရှားမယ်လို့ "မြေယာဥပဒေနဲ့ မညီညွတ်သောမြေယာများ အရေးယူရှင်းလင်းရေးကော်မတီ" နာယကဖြစ်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကို ကိုးကားပြီး RFA က ဖော်ပြထားတာကို စီးပွားရှင်တွေအတွက် ထပ်မံဖောက်သည်ချလိုက်ပါတယ်။ ၀ယ်ထားသူတွေ ရောင်းသူနဲ့ စာရင်းရှင်းရမှာ ဖြစ်တယ်လို့ ဦးအောင်မင်းက ပြောပါတယ်။ ၀ယ်ထားသူတွေ အမြန်ဆက်သွယ်မေးမြန်းကြည့်ဖို့ လိုပါတယ်။ ၀ယ်မယ့်သူတွေလည်း မေးမြန်းစုံစမ်းပြီးမှ ၀ယ်သင့်ပါတယ်။
သတင်းမူရင်းကို အောက်မှာ တွဲဖော်ပြထားပါတယ်။
_________________________________________________________________
ပြင်ဦးလွင်မှာ စိုက်ပျိုးမြေ ခြံခတ်ရောင်းစားနေတာကို ဖယ်ရှား
မေ ၈ ၂၀၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ စိုက်ပျိုးမြေအဖြစ် လုပ်ပိုင်ခွင့်ချထားပေးတဲ့ မြေနေရာတွေမှာ ခြံစည်းရိုးခတ်ပြီး အကွက်ရိုက်ရောင်းချနေတာတွေကို တိုင်းဒေသကြီးအစိုးရက မနေ့ကစပြီး လိုက်လံဖယ်ရှားနေပါတယ်။
စိုက်ပျိုးမြေအဖြစ် လျှောက်ထားပြီး အကွက်ချရောင်းချတာဟာ မြေယာဥပဒေနဲ့မညီညွတ်တဲ့အတွက် ကွန်ကရစ်တိုင်တွေနဲ့ ခြံစည်းရိုးတွေကို ဖယ်ရှားတာဖြစ်တယ်လို့ "မြေယာဥပဒေနဲ့ မညီညွတ်သောမြေယာများ အရေးယူရှင်းလင်းရေးကော်မတီ" နာယကဖြစ်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။
ပြင်ဦးလွင်- မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ မိုးကြိုးကချင်စုရပ်ကွက်နဲ့ သက်ကိုင်ကျေးရွာအုပ်စုထဲမှာ အကွက်ရိုက်ရောင်းချထားတဲ့ မြေကွက် ၅၇ ကွက်ကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
ပြင်ဦးလွင်မြို့နယ် တစ်ခုလုံးမှာ စိုက်ပျိုးမြေအဖြစ် လျှောက်ထားတဲ့ မြေဧက ၅ သောင်းကနေ ၇ သောင်းအထိ ရှိပါတယ်။အဲဒီမြေနေရာတွေမှာ စိုက်ပျိုးရေးမလုပ်ဘဲ အကွက်ပေါင်း သိန်းနဲ့ချီရိုက်ထားတာဖြစ်ပြီး အဲ့ဒီမြေကွက်တွေကို ၃ လအတွင်း အပြီးဖယ်ရှားသွားမှာဖြစ်တယ်လို့ ဦးအောင်မင်း က ပြောပါတယ်။
အဲဒီမြေနေရာတွေကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သတ်မှတ်မှာဖြစ်ပြီး မြေကွက်ဝယ်ယူထားသူတွေအနေနဲ့ သူတို့နစ်နာမှုတွေကို ရောင်းချသူတွေနဲ့သာ ညှိနှိုင်းရမှာဖြစ်တယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။
"မြေယာဥပဒေနဲ့ မညီညွတ်သောမြေယာများ အရေးယူရှင်းလင်းရေးကော်မတီ"မှာ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက နာယကအဖြစ် ပါဝင်ပြီး မြေစာရင်း၊ စည်ပင်၊ စိုက်ပျိုးမွေးမြူရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ သစ်တော စတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Source: RFA
_______________________________________________________________
ဒါဟာ မျက်စိပိတ် နားပိတ်ခံပြည်သူတွေကို ဘောင်ထဲက လက်တစ်လုံးခြား အနိုင်ကျင့်တဲ့ကိစ္စပါ ... အသနားခံလွှာကို ဒီ Link မှ သွားရောက်ဖတ်ရှုနိုင်ပါတယ် >>>>>>>>>>> https://m.facebook.com/story.php?story_fbid=1598426913801633&id=1582440288733629