03/09/2026
ဒီနေ့တော့ ငွေကြေးခဝါချခြင်းများနှင့်ပတ်သက်ပြီး မိမိ၏အကျိုးဆောင်လုပ်ငန်းအတွက် အလေးထားစိစစ်ရမည့်အချက်များ ကိုလေ့လာမှတ်သားထားသလောက်ဖော်ပြပေးမယ်ရှင့်။
(ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများစာအုပ်မှ ကောက်နုတ်ရေးသားထားခြင်းဖြစ်ပါသည်။)
ငွေကြေးခဝါချခြင်း(Money Laundering) ဆိုသည်မှာ တရားမဝင်သော လုပ်ငန်းအရင်းအမြစ်များ ဖြစ်သည့် လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှု၊ အခွန်ရှောင်မှု၊ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုတို့ကို ဆောင်ရွက်ခြင်းတို့မှ ရရှိသည့် ငွေကြေးများ၏ မူလဇစ်မြစ် သို့မဟုတ် သဘောသဘာဝကို ဖုံးကွယ်ခြင်း သို့မဟုတ် အသွင်ပြောင်းရန် ရည်ရွယ်၍ လွှဲပြောင်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။
ငွေကြေးခဝါချခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဆိုပါတရားမဝင်သောငွေကြေးများကို မူလဆောင်ရွက်သည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းထံ ပြန်လည်စုစည်းရရှိရန်ဖြစ်သည်။ ငွေကြေးခဝါချမှု ဆောင်ရွက်ရာတွင် မိမိတို့၏ အကျိုးဆောင်လုပ်ငန်းအား အသုံးချခံရခြင်းမှကာကွယ်နိုင်ရန်အတွက်ဖြစ်ပါသည်။
ငွေကြေးခဝါချခြင်းများနှင့်ပတ်သက်ပြီး မိမိလုပ်ငန်းအတွက် အလေးထားစိစစ်ရမည့်အချက်များ -
1. အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု - အကြမ်းဖက်အုပ်စုတစ်ခုအတွက် အကျိုးအမြတ်ဖြစ်စေရန်(သို့) ယင်းတို့၏ စီမံ ညွှန်ကြားချက်အရ ငွေကြေးဝန်ဆောင်မှု (သို့) သက်ဆိုင်ရာ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးအပ်ခြင်း။ (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ။)
2. လူအများအပြားသေကျေစေသော လက်နက်များ ပြန့်ပွါးစေရန် ငွေကြေးထောက်ပံ့ခြင်း- ဇီဝ၊ ဓါတုနှင့် နျူကလီးယား လက်နက်တို့အား ထူထောင်ခြင်း (သို့) ရရှိအောင် ဆောင်ရွက်ပေးခြင်း (သို့) ငွေကြေးထောက်ပံ့ပေးခြင်း။
3. ဆက်သွယ်ဆောင်ရွက်သူအား သိရှိြခင်း (Know Your Customer- KYC) - ဆက်သွယ်ဆောင်ရွက်သူသည် မည်သူဖြစ် ကြောင်း သတ်မှတ်ဖော်ထုတ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ စာရွက်စာတမ်း အထောက်အထားများဖြင့် စိစစ်ရပါမည်။
4. ဆက်သွယ်ဆောင်ရွက်သူ (Client) - အိမ်ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်းအတွက် ရည်ရွယ်၍ မိမိလုပ်ငန်းသို့ ဆက်သွယ် လာသူ၊ အရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုးသူ၊ ငွေလွှဲရန်တာဝန်ပေးအပ်ခံရသူ၊ ငွေလွှဲပြောင်းသူ၊ ငွေလွှဲရန် အခွင့်အရေးရှိသူ (သို့) တာဝန်ရှိသူ၊ ငွေလွှဲပြောင်းရန် (သို့) ငွေစာရင်းအားထိန်းချုပ်ရန် အခွင့်အာဏာရှိသူ။
5. ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း (Customer Due Diligence – CDD) – Client သည် ငွေကြေးခဝါ ချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့နှင့် စပ်ဆိုင်မှုရှိမရှိစိစစ်နိုင်ရန် အဆိုပါ Client နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပြည့်စုံစွာရရှိရန် စဉ်ဆက်မပြတ် အာရုံစိုက်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာအာဏာပိုင် များသို့ သတင်းပို့ခြင်း။
6. ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်မှုတိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Customer Due Diligence – EDD) – AML/CFT နှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို လျော့ပါးစေရန် Client ၏ သတင်းအချက်အလက်ကို ပိုမိုရယူခြင်းနှင့် ငွေကြေးဇစ်မြစ်များကို နက်ရှိုင်းစွာနားလည်သဘောပေါက်စေရန် စဉ်ဆက် မပြတ် စိစစ်ဖော်ထုတ်ဆောင်ရွက်ခြင်း။
7. မိမိဝန်ထမ်းအား သိရှိခြင်း (Know Your Employee – KYE) - မိမိဝန်ထမ်းများသည် တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် လိုအပ်သည့် စွမ်းဆောင်ရည်နှင့် သင့်လျော်မှန်ကန်မှု၊ ရိုးဖြောင့်မှု၊ ငွေရေးကြေးရေးအခြေအနေ၊ အကျိုးစီးပွး ပဋိပက္ခများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုခြင်းနှင့် ကင်းရှင်းမှုရှိ/မရှိ စိစစ်အကဲဖြတ်ရမည်။
8. အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင် (Beneficial Owner) - ကုမ္ပဏီအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှု တစ်ခုခုကို ထိရောက်သော ထိန်းချုပ်မှု ပြုလုပ်သူ။
9. ယုံကြည်အပ်နှံခံရသူ (Trustee) - ယုံကြည်အပ်နှံခံရသူအဖြစ် ရှေ့နေ သို့မဟုတ် ယုံကြည်အပ်နှံခံရသည့် ကုမ္ပဏီ စသည်ဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သူများ/မကျွမ်းကျင်သူများလည်း ပါဝင်သည်။
10. ပြည်တွင်း၊ ပြည်ပတွင် ဩဇာတိက္ကမ ရှိသူ (Domestic and Foreign- PEPs)- နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံ တစ်ခုခု၌ဖြစ်စေ၊ အများပြည်သူဆိုင်ရာလုပ်ငန်းများဖြင့် ထင်ရှားသူ(ဖြစ်ခဲ့ဖူးသူ) သို့မဟုတ် ယင်းလုပ်ငန်းများအတွက် ယုံကြည်ခြင်းခံရသူ(ဖြစ်ခဲ့ဖူးသူ) နှင့် ၎င်း၏မိသားစုဝင်များ သို့မဟုတ် ၎င်းနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သူကို ဆိုလို။
11. အပြည်ပြည်ဆိုင်ရာတွင် ဩဇာတိက္ကမ ရှိသူ (International PEPs) - အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှုး၊ ဒါရိုက်တာအဖွဲ့ဝင်နှင့် အဆင့်မြင့်အဖွဲ့ဝင်ဖြစ်သူ(ဖြစ်ခဲ့ဖူးသူ)၊ အလားတူ လုပ်ငန်းများတွင် ၎င်းအဆင့်နှင့်ညီမျှသော အဖွဲ့ဝင်ဖြစ်သူ သို့မဟုတ် ၎င်းလုပ်ငန်းဆောင်ရွက်ရန် ယုံကြည်အပ်နှံခံရသူ (ဖြစ်ခဲ့ဖူးသူ)နှင့် ၎င်း၏ မိသားစုဝင်များ သို့မဟုတ် ၎င်းနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သူကို ဆိုလို။
12. သဏ္ဌာန်ဆောင်လူပုဂ္ဂိုလ်/အဖွဲ့အစည်း (Shell Entity) - နိုင်ငံအတွင်း တရားဝင်စီးပွားရေးလုပ်ငန်းအဖွဲ့ တည်ထောင် ထားပြီး လိုင်စင်ရယူထားခြင်း သို့မဟုတ် အခြေစိုက်ထားခြင်းဖြစ်သော်လည်း ရုပ်ဒြပ်အရတည်ရှိနေခြင်း မရှိသူ၊ ခိုင်မာစွာ ကြီးကြပ်မှုခံရသော ငွေရေးကြေးရေးအုပ်စုတစ်ခုနှင့် ပေါင်းစည်းထားခြင်းမရှိသည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေခြင်းမရှိဘဲ စာရွက်စာတမ်းအားဖြင့် အမည်ရှိနေသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း၊ အမှန်တကယ်မရှိသော (သို့) မည်သည့်ဝန်ထမ်းမျှ ခန့်အပ်ထားခြင်းမရှိ၊ ထုတ်ကုန်၊ ဝန်ဆောင်မှု၊ စီးပွားရေးများ ဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်လုပ်ငန်းများအပါအဝင် ဟန်ပြတည်ရှိနေသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကို ဆိုလို။
13. လုပ်ငန်းဆက်ဆံဆောင်ရွက်မှု (Business Relationship) - အိမ်ခြံမြေ ရောင်း/ဝယ်/ငှါးခြင်း (သို့) လုပ်ငန်းဆိုင်ရာ ဆက်ဆံဆောင်ရွက်သည့် အချိန်ကာလတစ်ခုကို ဆိုလို။
14. ပေးချေမှုအတွက် တစ်ဆင့်အသုံးပြုသော ဘဏ်ငွေစာရင်း (Payable-Through Accounts) – တတိယပုဂ္ဂိုလ် (သို့) အဖွဲ့ အစည်းက ၎င်းတို့ကိုယ်တိုင် (သို့) ၎င်းတို့ကိုယ်စား စီးပွားရေးဆိုင်ရာ လွှဲပြောင်းဆောင်ရွက်မှုများအတွက် တိုက်ရိုက် အသုံးပြုသည့် အဆက်အသွယ်ဘဏ်ငွေစာရင်းကို ဆိုလို။
15. ကြေးနန်းဖြင့် (သို့) အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေလွှဲခြင်း (Wire Stripping or Wire Transfer) - လူတစ်ဦး၏ ကိုယ်စား ငွေရေးကြေးရေးလုပ်ငန်းတစ်ခုမှတစ်ဆင့် အခြားငွေရေးကြေးရေးလုပ်ငန်းတစ်ခု၏ အကျိုးခံစားခွင့်ရှိသူထံ အီလက်ထရောနစ်နည်းလမ်းဖြင့် နိုင်ငံတွင်း/နိုင်ငံပြင်ပ ၌သော်လည်းကောင်း ငွေကြေးလွှဲပြောင်းခြင်းအားလုံးကို ဆိုလို။
16. အခါအားလျော်စွာ လာရောက်ဆက်သွယ်သူများ (Walk-in Customer) - မိမိလုပ်ငန်းသို့ ယခင်က ဆက်သွယ် ဆောင်ရွက်ခဲ့ဖူးခြင်းမရှိဘဲ ရှောင်တခင် ဝင်ရောက်တောင်းဆိုလာသည့် ဆက်သွယ်ဆောင်ရွက်သူများကို ဆိုလို။
စသည်တို့ကိုသေချာစွာ စိစစ်ဆောင်ရွက်ရပါမည်။ဤစာစုအား ဗဟုသုတ ဝေမျှလိုခြင်းဖြင့် ကူးယူးဖော်ပြလိုက်ပါတယ်ရှင့်။
မူရင်းရေးသားသူအား Credit ပေးပါတယ်ရှင့်။