26/03/2022
အသေခံတိုက်ဖို့ အမိန့်ပေးတဲ့ ရုရှားဒုဗိုလ်ချုပ်ကြီးသူ့တပ်သားတွေကပဲ ပစ်သတ်လို့ သေဆုံး
---------- အကုန်သိသတင်းဌာန ----------
ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရာမှာ ရှေ့တန်းရောက်ရှိပြီး ရုရှားတပ်သားတွေကို ဦးဆောင်နေတဲ့ ရုရှား ရုရှားတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး Yakov Rezantsev ဆိုသူ အသတ်ခံရတယ်လို့ The National က ဖော်ပြလာပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး Yakov Rezantsev ဟာ ရုရှားတောင်ပိုင်း အမှတ် ၄၉ ကမ်းတပ်ဖွဲ့၊ အမှတ် ၃၇ ရိုင်ဖယ်တပ်ရင်းတွေရဲ့တပ်မဟာတာဝန်ခံတစ်ဦးဖြစ်တယ်လို့ The National ရဲ့ဖော်ပြချက်အရ သိရပြီး ယူကရိန်းနိုင်ငံကာကွယ်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရတာမျိုးမဟုတ်ဘဲ သူ့လက်အောက်က ရုရှားတပ်သားတွေရဲ့ သတ်ဖြတ်ခြင်းခံရခြင်းမျိုးနဲ့ သတင်းကိုဖော်ပြလာတာပါ။
ယူကရိန်းနိုင်ငံခုခံကာကွယ်နေကြတဲ့ စစ်မြေပြင်အတွင်း ရုရှားတပ်သားဘက်က အကျအဆုံးများနေချိန်မှာ သူ့တပ်သားတွေကို အသေခံတိုက်ဖို့အမိန့်ပေးတဲ့အတွက်ကြောင့် သူ့ကိုပြန်ပစ်သတ်လိုက်တယ်လို့လည်း သတင်းဖော်ပြနေကြတာပါ။
“သူ့တပ်မဟာက သိမ်းယူထားတဲ့ ဆုံးရှုံးမှုပမာဏရဲ့ အကျိုးဆက်အနေနဲ့ သူ့ကို သူ့တပ်သားတွေက တမင်တကာ သတ်ဖြတ်ခဲ့တာလို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ အနောက်နိုင်ငံ လုံခြုံရေး အရာရှိတစ်ဦးကလည်း ဒုဗိုလ်ချုပ်ကြီး Yakov Rezantsev အသတ်ခံရမှုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ၃ ရက်နဲ့အပြီးတိုက်မယ်လို့ ကြွေးကြော်မှုနဲ့ စစ်ပွဲဆင်လာတဲ့ ရုရှားတပ်ဟာ လက်ရှိ ရက် ၃၀ (တစ်လ) အကြာအထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အပြင် စစ်မြေပြင်မှာကျဆုံးတဲ့ ရုရှားစစ်သား ထောင်ချီသေဆုံးခဲ့တဲ့အကြောင်း ရုရှားနိုင်ငံက တရားဝင်ထုတ်ပြန်ခဲ့ရပါတယ်။
ဒါပေမယ့် လက်တွေ့စစ်မြေပြင်မှာတော့ ရုရှားစစ်သား သောင်းဂဏာန်းအထိအကျအဆုံးရှိတယ်လို့ ယူကရိန်းဘက်က ပြောဆိုမှုရှိနေပြီး ဗိုလ်ချုပ်အဆင့်သေဆုံးသူ ၇ ဦးမြောက်ရှိလာတဲ့အထဲမှာမှ မိမိတပ်တွေရဲ့သတ်ဖြတ်ခြင်းခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်ကြီး Yakov Rezantsev ရဲ့သေဆုံးမှုကတော့ရုရှားတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုအချို့ကို ထိုးထွင်းသိမြင်စေတယ်လို့အမည်မဖော်လိုတဲ့ အနောက်နိုင်ငံ လုံခြုံရေး အရာရှိတစ်ဦးက ပြောပါတယ်။
#ရုရှားဗိုလ်ချုပ်ကြီးအသတ်ခံရ #ရုရှားကျူးစစ်