15/09/2026
🏘️ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန REIC ရဲ့ အဆိုအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာ ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားတွေ ဝယ်ယူခဲ့တဲ့ ကွန်ဒိုအခန်းပေါင်း ၆,၅၃၃ ခန်း ရှိခဲ့ပြီး မနှစ်ကထက် ၈.၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။
အဲဒီအခန်းတွေရဲ့ စုစုပေါင်းတန်ဖိုးက ဘတ် ၂၈.၂၇ ဘီလီယံရှိပြီး ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ အရေအတွက်ကျဆင်းမှုလောက် တန်ဖိုးကျဆင်းမှု မကြီးမားတာကို ကြည့်ရင် ဈေးကွက်ရဲ့ အမြင့်ပိုင်း (ဈေးကြီးတဲ့အခန်းတွေ) ဘက်မှာ ဝယ်လိုအားက ပိုပြီး တည်ငြိမ်နေသေးတယ်လို့ ဆိုနိုင်ပါတယ်။
ကွန်ဒိုအရောင်းအဝယ် အားလုံးမှာ နိုင်ငံခြားသားဝယ်ယူမှုက အခန်းအရေအတွက်အရ ၁၁.၇ ရာခိုင်နှုန်းနဲ့ တန်ဖိုးအရ ၂၁.၇ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါတယ်။ နှစ်ခုစလုံးက မနှစ်က ကာလတူထက်စာရင် ကျဆင်းသွားတာပါ။
အစိုးရအိမ်ရာဘဏ်ရဲ့ သုတေသနအဖွဲ့ခွဲဖြစ်တဲ့ REIC ကတော့ ဒီလိုနှေးကွေးသွားတာဟာ ထိုင်းနိုင်ငံနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေတွေ အားနည်းနေတာကို ပြသနေပြီး၊ ဒါကြောင့်ပဲ နိုင်ငံခြားသားဝယ်လက်တချို့က အိမ်ခြံမြေဝယ်ယူဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ကို အချိန်ဆွဲလိုက်ကြတာလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒုတိယသုံးလပတ်မှာတော့ အခြေအနေ အနည်းငယ် ပြန်ကောင်းလာပါတယ်။ နိုင်ငံခြားသားတွေဆီ လွှဲပြောင်းရောင်းချမှုက မနှစ်ကထက် ၁.၄ ရာခိုင်နှုန်း တက်လာပြီး ၃,၂၉၂ ခန်းရှိခဲ့သလို၊ တန်ဖိုးအားဖြင့်လည်း ၂၀.၂ ရာခိုင်နှုန်း တက်လာပြီး ဘတ် ၁၄.၈ ဘီလီယံအထိ ရှိခဲ့ပါတယ်။
ဒီနှစ်ဝက် တစ်ခုလုံးကို ကြည့်မယ်ဆိုရင် နိုင်ငံခြားသားတစ်ယောက် ဝယ်ယူတဲ့ ပျမ်းမျှအခန်းတန်ဖိုးက ဘတ် ၄.၃ သန်းရှိပြီး အကျယ်အဝန်းက ၄၃.၉ စတုရန်းမီတာ ရှိပါတယ်။ တစ်နည်းအားဖြင့် တစ်စတုရန်းမီတာကို ဘတ် ၉၈,၅၆၆ ဝန်းကျင်လောက် ကျသင့်တာပါ။
တရုတ်ဝယ်လက်က အများဆုံးဖြစ်နေဆဲပေမဲ့ အရေအတွက် ကျဆင်းလာတယ် !!!
တရုတ်ဝယ်လက်တွေက အခန်းပေါင်း ၁,၈၁၃ ခန်း (တန်ဖိုး ဘတ် ၆.၈၇ ဘီလီယံ) ဝယ်ယူခဲ့လို့ အခြားနိုင်ငံတွေထက် အပြတ်အသတ်ကို အများဆုံး ဖြစ်နေဆဲပါ။ ပျမ်းမျှအခန်းတန်ဖိုးက ဘတ် ၃.၈ သန်းရှိပြီး အကျယ်အဝန်း ၃၈.၂ စတုရန်းမီတာ ရှိပါတယ်။
ဒါပေမဲ့ ၂၀၂၅ ပထမနှစ်ဝက်နဲ့ ယှဉ်လိုက်ရင် အခန်းအရေအတွက် ၂၃.၈ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၂၇.၇ ရာခိုင်နှုန်းအထိ အတော်လေးကို ကျဆင်းသွားတာ တွေ့ရပါတယ်။
ရုရှားကတော့ ဒုတိယနေရာကို ရောက်လာပါတယ် !!!
ရုရှားဝယ်လက်တွေက အခန်း ၈၄၂ ခန်း (တန်ဖိုး ဘတ် ၃.၆ ဘီလီယံ) ဝယ်ယူခဲ့ပါတယ်။ ဒါဟာ အခန်းအရေအတွက် ၅၀.၄ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၇၅.၉ ရာခိုင်နှုန်း တက်လာတာပါ။ ပျမ်းမျှအခန်းတန်ဖိုးက ဘတ် ၄.၃ သန်းဖြစ်ပြီး ၄၁.၈ စတုရန်းမီတာ ကျယ်ပါတယ်။ အရေအတွက်ထက် တန်ဖိုးက ပိုပြီးမြန်မြန် တက်လာတာကို ကြည့်ရင် ရုရှားဝယ်လက်တွေဟာ အခန်းတွေကို ပိုဝယ်လာတာတင်မကဘဲ ပိုပြီးဈေးကြီးတဲ့ အခန်းတွေကိုပါ ဝယ်လာကြတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာကတော့ တတိယနေရာ !!!
မြန်မာနိုင်ငံကတော့ တတိယနေရာမှာ ရှိနေပြီး အခန်း ၆၄၁ ခန်း (တန်ဖိုး ဘတ် ၂.၄၆ ဘီလီယံ) ဝယ်ယူခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် တစ်ခန်းကို ဘတ် ၃.၈ သန်းနဲ့ ၃၄.၉ စတုရန်းမီတာ ကျယ်ပါတယ်။ အခန်းအရေအတွက်က ၃၄.၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး တန်ဖိုးက ၁၆.၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
အမေရိကန်တွေက တန်ဖိုးအများဆုံး ပေးဝယ်ပြီး အိန္ဒိယတွေက အကျယ်ဆုံး အခန်းတွေကို ဝယ်ကြတယ် !!!
အမေရိကန်ဝယ်လက်တွေက ထိပ်သီး ၁၀ နိုင်ငံစာရင်းမှာ ပျမ်းမျှအခန်းတန်ဖိုး အများဆုံး ပေးဝယ်ကြပါတယ်။ တစ်ခန်းကို ပျမ်းမျှ ဘတ် ၆.၆ သန်း ကျသင့်ပြီး အကျယ် ၅၇.၉ စတုရန်းမီတာ ရှိပါတယ်။ သူတို့က အခန်း ၂၅၄ ခန်း (တန်ဖိုး ဘတ် ၁.၆၇ ဘီလီယံ) ဝယ်ယူခဲ့ပါတယ်။ အရေအတွက် ၆.၃ ရာခိုင်နှုန်း ကျသွားပေမဲ့ တန်ဖိုးက ၂၂.၂ ရာခိုင်နှုန်း တက်လာပါတယ်။
အိန္ဒိယဝယ်လက်တွေကတော့ အကျယ်ဆုံးအခန်းတွေကို ရွေးချယ်ကြပါတယ်။ ပျမ်းမျှ ၇၂.၁ စတုရန်းမီတာရှိပြီး တစ်ခန်းကို ဘတ် ၆.၃ သန်း ပေးရပါတယ်။ သူတို့က အခန်း ၁၂၈ ခန်း (တန်ဖိုး ဘတ် ၈၁၀ သန်း) ဝယ်ယူခဲ့လို့ အရေအတွက်အရ ၁၅.၃ ရာခိုင်နှုန်းနဲ့ တန်ဖိုးအရ ၉.၃ ရာခိုင်နှုန်း တက်လာပါတယ်။
သြစတြေးလျကတော့ ထိပ်သီး ၁၀ နိုင်ငံထဲမှာ အမြန်ဆုံး တိုးတက်လာတဲ့နိုင်ငံ ဖြစ်ပါတယ်။ အခန်း ၁၈၅ ခန်း (တန်ဖိုး ဘတ် ၈၁၄ သန်း) ဝယ်ယူခဲ့လို့ အရေအတွက် ၆၃.၇ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၆၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
ဂျာမနီကလည်း တိုးတက်လာပါတယ်။ အခန်း ၂၄၁ ခန်း (တန်ဖိုး ဘတ် ၉၅၄ သန်း) ဝယ်ယူခဲ့လို့ အရေအတွက် ၈.၁ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၁၅.၅ ရာခိုင်နှုန်း တက်လာပါတယ်။
ကျန်တဲ့ ထိပ်သီး ၁၀ နိုင်ငံစာရင်းဝင် ဈေးကွက်တွေကတော့ ထိုင်ဝမ် (အခန်း ၃၃၄ ခန်း၊ တန်ဖိုး ဘတ် ၁.၄၇ ဘီလီယံ)၊ ပြင်သစ် (အခန်း ၂၉၁ ခန်း၊ တန်ဖိုး ဘတ် ၁.၂၁ ဘီလီယံ) နဲ့ ဗြိတိန် (အခန်း ၂၅၅ ခန်း၊ တန်ဖိုး ဘတ် ၁.၁၂ ဘီလီယံ) တို့ပဲ ဖြစ်ကြပါတယ်။
ဒီကိန်းဂဏန်းတွေကို ကြည့်ရင် နိုင်ငံအလိုက် ဈေးကွက်က မတူညီတဲ့ လားရာတွေဆီ သွားနေတာကို တွေ့ရပါတယ်။ တရုတ်ဝယ်လိုအား ကျဆင်းလာပေမဲ့ ရုရှားနဲ့ သြစတြေးလျဘက်က လျင်လျင်မြန်မြန် တိုးတက်လာသလို၊ အမေရိကန်နဲ့ အိန္ဒိယလို ဝယ်လက်နည်းတဲ့ အုပ်စုတွေကတော့ ပိုကျယ်၊ ပိုဈေးကြီးတဲ့ အိမ်တွေကို ဝယ်ယူလာကြတာကို တွေ့ရပါတယ်။
Ref - REIC , Thaiger