12/04/2024
ကြို့ပင်ကောက်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ
ကြို့ပင်ကောက်၊ ဧပြီ ၁၂၊ ၂၀၂၄။
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်ရာက နှစ်ဘက်ထိခိုက်မှုရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ Dragon Brothers GBF PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၉ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဘော်ဘင်ရွာကနေ စစ်ကောင်စီဘက်က အင်အား ၄၅ ဦးလောက်နဲ့ ကွင်းချောင်းရွာကို ကားနဲ့လာချိန် ဒေသခံကာကွယ်ရေးရဲဘော်တွေက ကုန်းရွာထိပ်မှာစောင့်ပြီး M4၊ ၄၀ မမ၊ ၆၀ မမ စတဲ့လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့က အရင်ဆုံးစပစ်နေတုန်းမှာ လက်လုပ် ၆၀ မမ ပြောင်းကွဲသွားလို့ ကိုယ့်ရဲဘော်တဦးရဲ့ လက်မှာ ဒဏ်ရာရသွားတာ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်လို့ ကျနော်တို့လည်း နောက်ပြန်ဆုတ်လာခဲ့တာ။ နှစ်ဘက်ပစ်ခတ်မှုကတော့ ၅ မိနစ်လောက်ပဲကြာတယ်” လို့ Dragon Brothers GBF PDF ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရဲဘော်ကို ကုသပေးနေပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
နှစ်ဘက်ပြန်လှန်ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ Dragon Brothers GBF PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဲဒီစစ်ကြောင်းက ဧပြီ ၁၁ ရက်မှာ ကြို့ပင်ကောက်မြို့နယ်၊ ဝင်းသရက်ရွာအနီးနဲ့ အုတ်ဖိုမြို့နယ်ထဲက ဝိုင်းကျေးရွာအနီးကို စစ်ကြောင်းထိုး ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
Dragon Brothers GBF PDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက် ဝိုင်းကျေးရွာက ပျူစောထီးခေါင်းဆောင် မင်းမင်းကို သေနတ်ပစ်ခတ်ခဲ့ပါသေးတယ်။
ပုံစာ - ပြောင်းကွဲသွားသည့် M4 လက်လုပ်သေနတ်။
သတင်း - ခန့်အောင်၊ စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကြို့ပင်ကောက် #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ခိုက်
Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။