14/09/2026
🇹🇭ထိုင်းနိုင်ငံမှာ ကွန်ဒိုတစ်ခန်း ပိုင်ဆိုင်ထားခြင်းဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဆိုပေမယ့် ဝယ်ယူသူအများစု မေ့လျော့နေတတ်တဲ့ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိပါတယ်
တကယ်လို့ ကိုယ်သာ ရုတ်တရက် ကွယ်လွန်သွားခဲ့ရင်
ဒီကွန်ဒိုကို ဘယ်သူတွေက ဘယ်လိုဆက်ခံခွင့်ရှိမလဲ⁉️
လူအများစုက "ကိုယ့်မိန်းမ၊ ကိုယ့်ခင်ပွန်း၊ ဒါမှမဟုတ် သားသမီးတွေ အလိုအလျောက် နာမည်ပြောင်းပြီး ဆက်ပိုင်ခွင့်ရမှာပေါ့" လို့ လွယ်လွယ်တွေးတတ်ကြပါတယ်။ လက်တွေ့ ထိုင်းဥပဒေအရ နိုင်ငံခြားသားတစ်ယောက်ရဲ့ အမွေဆက်ခံမှု လုပ်ငန်းစဉ်ဟာ အဲဒီလောက် မရိုးရှင်းပါဘူး။ သေချာ ကြိုတင်မပြင်ဆင်ထားခဲ့ရင် ကိုယ်ချစ်တဲ့ မိသားစုဝင်တွေဟာ တန်ဖိုးကြီးပိုင်ဆိုင်မှုကို လက်လွတ်ဆုံးရှုံးရတာ၊ နှစ်နဲ့ချီကြာမယ့် တရားတပေါင် ရင်ဆိုင်ရတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ထိုင်းမှာ ကွန်ဒိုဝယ်ထားသူတွေ၊ ဝယ်ဖို့စဉ်းစားနေသူတွေ မဖြစ်မနေ သိထားသင့်တဲ့ နိုင်ငံခြားသားများအတွက် အိမ်ခြံမြေ အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေရေးရာ အချက်အလက်များကို Htar Ni က အသေးစိတ် မျှဝေပေးလိုက်ပါတယ်။
❌ မိသားစုဝင်ဖြစ်လို့ အလိုအလျောက် နာမည်ပြောင်းခွင့်ရမှာ မဟုတ်သေးပါဘူး
ထိုင်းနိုင်ငံရဲ့ Civil and Commercial Code - တရားမနဲ့ ကူးသန်းရောင်းဝယ်ရေး ဥပဒေအရ ပိုင်ရှင်သေဆုံးသွားတာနဲ့ အဆိုပါ ကွန်ဒိုဟာ အမွေပစ္စည်းအဖြစ်ကို အလိုအလျောက် ပြောင်းလဲသွားပါတယ်။
မြေစာရင်းရုံးကို မိသားစုဝင်က သွားပြီး သေစာရင်းပြရုံနဲ့ နာမည်ပြောင်းပေးလိုက်မှာ မဟုတ်ပါဘူး။ တရားရုံးရဲ့ အမွေထိန်းခန့်အပ်မှု၊ သေတမ်းစာအတည်ပြုမှု၊ အကြွေးများရှင်းလင်းမှု စတဲ့ ဥပဒေလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှသာ အမည်ပေါက် ပြောင်းလဲပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။✅
📣အကြီးမားဆုံး အတားအဆီးကတော့ နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ဥပဒေပါ
ဒီအချက်က နိုင်ငံခြားသားတွေအတွက် အရေးကြီးဆုံးပါ။ သေတမ်းစာမှာ "ကျွန်ုပ်၏ ကွန်ဒိုကို သားဖြစ်သူအား ပေးအပ်သည်" လို့ တိတိကျကျ ရေးထားခဲ့ရင်တောင် ထိုင်းနိုင်ငံရဲ့ ကွန်ဒိုမီနီယံဥပဒေ ပုဒ်မ (၁၉) ကို ကျော်လွန်ခွင့် မရှိပါဘူး။
အမွေဆက်ခံမယ့်သူ (ဥပမာ - သား/သမီး) ဟာ နိုင်ငံခြားသားဖြစ်နေရင် အောက်ပါ လမ်းကြောင်း နှစ်ခုထဲက တစ်ခုနဲ့ ရင်ဆိုင်ရပါမယ်။
🌟လမ်းကြောင်း (က) - ဆက်လက်ပိုင်ဆိုင်ခွင့်ရရှိခြင်း
အမွေဆက်ခံသူက ထိုင်းနိုင်ငံကို နိုင်ငံခြားငွေ တရားဝင်လွှဲပြောင်းထားတဲ့ အထောက်အထား ပြနိုင်ခြင်း စတဲ့ ဥပဒေပါ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမယ့်အပြင်
ထိုအချိန်မှာ ကွန်ဒိုစီမံကိန်းရဲ့ Foreign Quota (နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ၄၉%) ဟာလည်း ပြည့်မနေဘူးဆိုရင်တော့ အမွေဆက်ခံသူရဲ့ နာမည်နဲ့ ဆက်လက်မှတ်ပုံတင်ခွင့် ရနိုင်ပါတယ်။
🌟လမ်းကြောင်း (ခ) - (၁) နှစ်အတွင်း မဖြစ်မနေ ရောင်းချရခြင်း
တကယ်လို့ အမွေဆက်ခံသူဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး (သို့မဟုတ်) Project ရဲ့ Foreign Quota ၄၉% ပြည့်နေပြီ ဆိုရင်တော့
ကွန်ဒိုအခန်းကို အမွေဆက်ခံသူရဲ့ နာမည်နဲ့ လွှဲပြောင်းခွင့် မရှိပါဘူး။ ဥပဒေအရ အမွေရရှိတဲ့နေ့မှစပြီး (၁) နှစ်အတွင်း အဆိုပါအခန်းကို မဖြစ်မနေ ရောင်းချရပါမယ်။ ရောင်းချလို့ရတဲ့ ငွေထဲကမှ အခွန်အခ၊ အကြွေးစတာတွေ နုတ်ပြီး ကျန်ငွေကိုသာ ရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ အချိန်မီ
မရောင်းချနိုင်ရင် အာဏာပိုင်များက ဝင်ရောက်စွက်ဖက် ရောင်းချပေးမယ့် အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။
📝 ဒါဆိုရင် သေတမ်းစာ မရှိခဲ့ရင်ရော ဘာဖြစ်မလဲ?
သေတမ်းစာ မရေးခဲ့ဘူးဆိုရင် ထိုင်းဥပဒေ (Section 1629) အရ ဥပဒေက သတ်မှတ်ထားတဲ့ အမွေဆက်ခံခွင့်ရှိသူများဆီကို အစဉ်လိုက် ရောက်ရှိသွားပါမယ်။ (သားသမီး၊ မိဘ၊ ညီအစ်ကိုမောင်နှမ၊ အဘိုးအဘွား စသဖြင့်)
⚠️ သတိပြုရန် အချက်ကြီးတစ်ခုလည်း ကျန်နေပါသေးတယ်
ကိုယ်နဲ့ နှစ်ပေါင်းများစွာ အတူနေထိုင်လာတဲ့ လက်တွဲဖော်ပဲဖြစ်ဖြစ်၊ Same-sex partner ပဲဖြစ်ဖြစ် တရားဝင် လက်ထပ်မှတ်ပုံတင်ထားခြင်း မရှိရင် ထိုင်းဥပဒေအရ အမွေဆက်ခံခွင့် လုံးဝ မရှိပါဘူး။ ဒါကြောင့် မိမိရဲ့ လက်တွဲဖော်ကို ကွန်ဒိုပေးချင်တယ်ဆိုရင် သေတမ်းစာ မဖြစ်မနေ ရေးသားထားခဲ့ဖို့ လိုအပ်ပါတယ်။
📑 မြန်မာနိုင်ငံက သေတမ်းစာနဲ့တင် ရပြီလား? ဘာကြောင့် Thai Will လုပ်သင့်တာလဲ?
မြန်မာနိုင်ငံမှာ ရေးထားတဲ့ သေတမ်းစာကို ထိုင်းမှာ အသုံးပြုလို့ရပေမယ့်၊ လက်တွေ့မှာ အရမ်းရှုပ်ထွေးပါတယ်။ ဘာသာပြန်ရတာ၊ သံရုံးတွေမှာ Legalization လုပ်ရတာ၊ ထိုင်းတရားရုံးကို တင်ပြရတာတွေနဲ့တင် အချိန်နဲ့ ငွေကြေး အများကြီး ကုန်ကျနိုင်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ၊ ဘဏ်အကောင့် စတဲ့ ပိုင်ဆိုင်မှုတွေ ရှိလာပြီဆိုရင် ထိုင်းရှေ့နေနဲ့ တိုင်ပင်ပြီး ထိုင်းဥပဒေနဲ့အညီ ထိုင်းနိုင်ငံရှိ ပိုင်ဆိုင်မှုများအတွက် သီးသန့် သေတမ်းစာ တစ်စောင်ကို ကြိုတင်ပြုလုပ်ထားခြင်းကသာ မိသားစုကို ဒုက္ခမပေးရာ ရောက်ပါလိမ့်မယ်။
💰 ပိုင်ဆိုင်မှုသာမက အကြွေးပါ အမွေရတာကိုလည်း မေ့ထားလို့ မရပါဘူး။ကွန်ဒိုကို အမွေရပြီဆိုတာနဲ့ ပိုင်ရှင်
ဟောင်း ကျန်ခဲ့တဲ့
❗️ ဘဏ်ချေးငွေ
❗️ လစဉ်/နှစ်စဉ် ပေးရမယ့် Common Fee အကြွေးများ
❗️ အိမ်ခွန် မြေခွန်များ ... စတာတွေကိုပါ အမွေဆက်ခံသူက ရှင်းလင်းပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် Life Insurance ဒါမှမဟုတ် Mortgage Insurance တွေ ဝယ်ယူထားခြင်းက အနာဂတ်အတွက် အကောင်းဆုံး အကာအကွယ်ပါပဲ။
🗂 Owner များ ကြိုတင်ပြင်ဆင် သိမ်းဆည်းထားသင့်
သည့် စာရွက်စာတမ်းတွေကတော့
ကိုယ့်အနေနဲ့ မိသားစုကို တကယ့်ပိုင်ဆိုင်မှု အမွေပေးချင်တယ်ဆိုရင် အောက်ပါ စာရွက်စာတမ်းတွေကို File တစ်ခုတည်းမှာ သေသေချာချာ သိမ်းဆည်းပြီး မိသားစုဝင် (သို့) အမွေထိန်းကို အသိပေးထားသင့်ပါတယ်။
✅ ကွန်ဒို ပိုင်ဆိုင်မှုစာချုပ် (Title Deed)
✅ အရောင်းအဝယ် စာချုပ် (Sale and Purchase Agreement)
✅ နိုင်ငံခြားငွေ ဝင်ရောက်ကြောင်း အထောက်အထား (FET Form သို့မဟုတ် Credit Advice)
✅ ပတ်စပို့ (အဟောင်း/အသစ်) မိတ္တူများ
✅ ထိုင်းဘဏ်အကောင့် စာအုပ်များ
✅ ထိုင်းဥပဒေနှင့်အညီ ရေးသားထားသည့် သေတမ်းစာမူရင်း (Thai Will)
✅ ကွန်ဒိုစီမံခန့်ခွဲရေးရုံး (Juristic Office) ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
📌 နိဂုံးချုပ်အနေနဲ့ဆိုရင်
ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ အခန်းဝယ်ပြီး ငှားရမ်းခယူရုံနဲ့ မပြီးပါဘူး။ Exit Strategy & Estate Planning တွေကိုပါ တစ်ဆက်တည်း ထည့်သွင်းစဉ်းစားရမယ့် ခေတ်ရောက်နေပါပြီ။
သေတမ်းစာရေးခြင်းဟာ နိမိတ်မကောင်းတဲ့ အလုပ်
မဟုတ်ပါဘူး။ ကိုယ်ပင်ပန်းကြီးစွာ ရှာဖွေထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေအတွက် အငြင်းပွားစရာ၊ ခေါင်းခဲစရာ ပြဿနာတစ်ရပ် မဖြစ်လာစေဖို့ ကြိုတင်ကာကွယ်ပေးခြင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် အိမ်ခြံမြေ ဝယ်ယူတော့မယ်ဆိုရင် ဈေးနှုန်းနဲ့ နေရာကိုပဲ မေးမြန်းတာမျိုး မဟုတ်ဘဲ၊ ကိုယ်ကွယ်လွန်သွားခဲ့ရင် မိသားစုအတွက် ဥပဒေရေးရာအရ ဘယ်လို အကာအကွယ်ပေးထားနိုင်မလဲ ဆိုတာကိုပါ Professional တွေနဲ့ သေချာတိုင်ပင် ဆွေးနွေးပြီးမှ ဝယ်ယူသင့်ကြောင်း Htar Ni ကနေ အကြံပြုပေးချင်ပါတယ်ရှင်။
☎️ Thai Phone: 09-85527242
📞 Viber & WhatsApp: +669-85527242
📱 Line ID: htarnirealestate